ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင် ၃ ဦး တရားဝင် စွဲချက်တင်ပြီ

0:00 / 0:00

ပဲခူးတိုင်း အနောက်ပိုင်း နတ်တလင်းမြို့မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့ကြတဲ့ တောင်သူတွေကို အကူအညီပေးတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ အကျိုးဆောင် ကွန်ရက် အဖွဲ့ဝင် ၃ ဦးကို အခါခါ ရုံးချိန်းပေးခဲ့ပြီးနောက် ဒီနေ့မှာတော့ နတ်တလင်းမြို့နယ် တရားရုံးက အသင်းအဖွဲ့ ဥပဒေ ပုဒ်မ(၆) နဲ့ စွဲချက် တင်လိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ပေါင်းတည် အကျဉ်းထောင်မှာ ၂ လနီးပါးလောက် အဖမ်းခံထားရတဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက် အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက ရုံးချိန်းတက်စဉ် အခုလိုပြောပါတယ်။

“ကျမတို့ရှေ့နေကနေ တရားလိုသက်သေတွေ၊ ရဲတွေ ၈ ယောက်လောက်ကို စစ်ပြီးသွားတဲ့အခါ စွဲချက်မတင်သင့်ပါဘူးဆိုပြီး ဒီနေ့လျှောက်လွှဲချက်ပေးတယ်၊ လျှောက်လွဲချက်ပေးပြီးပြီးချင်း တန်းပြီးတော့ အဆင်သင့်လုပ်ထားတဲ့အမိန့်နဲ့ပေါ့ စွဲချက်တင်မယ်ဆိုတဲ့ဟာကို အမိန့်ချလိုက်တယ်၊ ကျမတို့ စွဲချက်တင်ခံလိုက်ရတယ်၊ အသင်းအပင်း ဥပေဒပုဒ်မနဲ့ စွဲချက်တင်ခံရတာပါ၊ ကျမတို့ကို ပြစ်ဒဏ်ပြစ်မိန့်ချမှာပေါ့”

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က နတ္တလင်းမြို့နယ် ပဲမခန်း ကျေးရွာမှာ ခြေမြန် တပ်ရင်း ၆၆ က သိမ်းထားတဲ့ လယ်မြေမှာ ထွန်ယက် စိုက်ပျိုးကြတဲ့ တောင်သူတွေကို ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်တွေက ကူညီတယ်ဆိုပြီး သူတို့ကို ဖမ်းဆီးပြီး ကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ နတ္တလင်းမြို့က ကိုသန့်ဇင်ထက်၊ မိတ္ထီလာမြို့က ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင် တို့ကို စွဲချက်တင်တာဖြစ်ပါတယ်။

သူတို့ ၃ ဦးအနက်က ကိုသန့်ဇင်ထက်ကိုတော့ ပုဒ်မ ၆ အပြင် တရားမဝင် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ပါ ပူးတွဲစွဲချက် တင်လိုက်တယ်လို့ သိရပါတယ်။

အခုရုံးချိန်းဟာ (၉) ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး တတိယ အကြိမ်မြောက်ရုံးချိန်းတုန်းက အာမခံရရှိဖို့ လျှောက်ထားတာကို တရားရုံးက ပယ်ချခဲ့ပါတယ်။

ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက RFA ကို အခုလို ပြောပါတယ်။