ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ လဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင် အပါအဝင် ၉ ဦးကို သံတွဲမြို့နယ် တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အဲဒီအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးတင်ညိုက RFA ကို အခုလို ပြောပါတယ်။
"ရခိုင်ပြည်နယ် တပြည်နယ်လုံးမှာလည်း အေးချမ်းတဲ့အခြေအနေရှိပါတယ်၊ ဆူပူမှုအခြေအနေကလည်း မရှိဘူးပေါ့လေ၊ ဒီလူတွေကလည်း အပြင်ရောက်သွားရင်လည်း ဆူပူမှုလှုံ့ဆော်စရာ အကြောင်းတရားလည်း မရှိဘူးပေါ့နော်၊ သေဒဏ်၊ ကျွန်းဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုမျိုးလည်းမဟုတ်ဘူး၊ အများဆုံးချမှတ်နိုင် တဲ့ ပြစ်ဒဏ်မှ ထောင်ဒဏ်နှစ်နှစ်ပဲ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်မျိုးဖြစ်တယ်၊ ဒီအမှုနဲ့ပတ်သက်ပြီး အာမခံပေးထားသင့်တယ်ဆိုပြီး အဲလိုသုံးသတ်ပြီး အာမခံပေးတာ၊ သူတို့ချုပ်ရက်တွေကလည်း သုံးလနီးပါးရှိနေပါပြီ"
ဒီကနေ့ တရားရုံးက အာမခံပေးခဲ့တာ ၁၁ ဦးဖြစ်ပြီး အဲဒီအထဲက ၂ ဦးကို တခြားပုဒ်မတွေနဲ့ စွဲဆိုထားတာရှိတဲ့အတွက် ဆက်လက်ထိန်းသိမ်းထားတယ်လို့ ရှေ့နေဦးတင်ညိုက ပြောပါတယ်။
သံတွဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးစောလှိုင်အပါအဝင် ၁၁ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၆ ဝတ္တရားနှောင့်ယှက်မှု၊ ၅၀၅(ဂ) ဆူပူအောင်လှုံ့ဆော်မှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာလက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ဒေသခံ ၉၀ ကျော်ကို တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။