ရေပူဆရာတော်အမှု စတင်စစ်ဆေး

တရားမဝင်ကျောက်မျက်တူးဖော်တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မိုးကုတ်မြို့ ရေပူ ကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်ရာ မှာ တရားလိုနဲ့ တရားလိုပြ သက်သေတွေကို ဒီနေ့စတင် စစ်ဆေးခဲ့ပါတယ်။

တရားလိုပြ သက်သေတွေက ရေပူကျောင်းတိုက်မှာ တရားမဝင် ကျောက်မျက်တူး ဖော်နေတယ်လို့ ထွက်ဆိုခဲ့ကြောင်း ဆရာတော် ဦးဣန္ဒကကို ရှေ့နေ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင်က ပြော ပါတယ်။

"ဓာတ်ပေါင်းစု စေတီတည်ဖို့ ဘုရားတွေဖြိုဖျက်ပြီးလုပ်တာကို မြေကြီးထဲမှာ ကျနော်တို့ ဌာပနာထားတဲ့ပစ္စည်းတွေ ရဖို့အတွက် ရေဆေးရှာရတာမျိုးဖြစ်ပါတယ်၊ ဒါကို သူတို့က ကျောက်မျက်ရှာတယ်ဆိုပြီး စွဲတာဖြစ်ပါတယ်၊ သူတို့ ထွက်ဆိုချက်မှာ ဒါဟာ ကျောက်မျက်တူးတယ်လို့ သူတို့ထွက်ဆိုထားပါတယ်၊ ဆရာတော်ရဲ့ ရည်ရွယ်ချက် က မြေကြီးထဲမှာ ဌာပနာထားတဲ့ ပစ္စည်းတွေရှိနေတယ်၊ ဒါတွေကို စုစည်းပြီးတော့ ဘုရား တည်ဖို့ မြေညှိတာပဲ လုပ်ခဲ့တာပါ"

ရေပူဆရာတော်ကို တရားမဝင်ကျောက်မျာက်တူးဖော်မှု ပုဒ်မ ၄၁(က) (ခ)၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ၊ တရား မဝင်သစ်တွေ သိမ်းဆည်းထားမှု ၄၂ (ခ) စတဲ့ ပုဒ်မ တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့က မိုးကုတ်မြို့မ ရဲစခန်းက လူဝတ် လဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဆရာတော်နဲ့ မြို့ခံတွေကတော့ ကျောင်းတိုက် အတွင်း ကျောင်းဆောင်သစ် တစ်ဆောင်ဆောက်လုပ်ဖို့နဲ့ ဓာတ်ပေါင်းစု စေတီ တည်ထားဖို့အတွက် တောင်စောင်းတွေကိုဖြိုပြီး မြေညှိခဲ့တာ သာဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ဒီအမှုမှာ ဆရာတော်နဲ့ ကျောင်းမှာလုပ်အားလာပေးနေတဲ့ ဒေသခံ ၄ ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီး နောက်ထပ် လုပ်အားပေး ၅ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။