မြန်မာသံရုံး ဗုံးခွဲရေးအဖွဲ့ဝင် နောက် တစ်ဦး ထောင်ဒဏ်ချမှတ်


2014.01.23

ပြီးခဲ့တဲ့နှစ် မေလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲဖို့စီစဉ်ရာမှာ ပါဝင်ခဲ့သူ နောက်တစ်ဦးကို ကြာသပတေးနေ့က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဆီပါရီယိုဆိုသူ အစ္စလာမ်အစွန်းရောက် အကြမ်းဖက်သမားကို ဂျကာတာ တောင်ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ  စီရင်ချက်ချမှတ် လိုက်တာဖြစ်ပါတယ်။ မြန်မာသံရုံးကိုဗုံးခွဲဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး ဆီပါရီယိုဟာ လေးဦးမြောက် ထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်  ဆီပါရီယိုဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေကြောင့် လက်တုန့်ပြန်တဲ့အနေနဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်မှုမှာ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။  သူဟာ Facebook လူမှုကွန်ရက်ကတစ်ဆင့် တခြားအစွန်းရောက်တွေနဲ့ ဆက်သွယ်ခဲ့ပြီး စစ်သွေးကြွ ဘာသာရေးခေါင်းဆောင် အဘူဘေကာ ဘာရီယာရဲ့ ဟောကြားချက်တွေကို နာယူခဲ့တယ်လို့ ဆိုပါတယ်။ အဘူဘေကာဟာ ၂၀၀၂ခုနှစ် ဘာလီ ဗုံးဖောက်ခွဲမှု ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်ကွန်ရက် ခေါင်းဆောင်ဖြစ်ပြီး၊ လက်ရှိမှာ အကျဉ်းကျခံနေရပါတယ်။

မြန်မာသံရုံး ဗုံးခွဲဖို့ ဦးဆောင် ကြိုးကိုင်စီစဉ်သူဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဆီဂစ် အင်ဒရာဂျစ်ကိုလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။

အလားတူ ကြံစည်မှုမှာပါဝင်ခဲ့ကြတဲ့ ရိုဟာဒီနဲ့ အက္ကမက်တူဖစ် ဆိုသူတွေကိုလည်း ထောင်ဒဏ်ခြောက်နှစ်ခွဲစီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။