လူကုန်ကူးမှုကျူးလွန်သူ ၂၀ ဦးကို မောင်တောတရားရုံး က ထောင် ၅နှစ်စီ ချမှတ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ့ရေပိုင်နက်အတွင်း တွေ့ရှိကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ကျော်ကို တင်ဆောင်လာတဲ့ စက်လှေပေါ်က စကားပြန်နဲ့ လှေလုပ်သား စုစုပေါင်း ၂၀ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ မောင်တောမြို့နယ်တရားရုံးက မနေ့က ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

အဲဒီ့ ၂၀ အပြင် နောက်ထပ် ၅ဦးကိုလည်း လူကုန်ကူးမှုဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ မောင်တောခရိုင်တရားရုံးမှာ မနေ့က ထပ်မံတရားစွဲဆိုလိုက်တယ်လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"၂၅ ယောက်ကို တရားစွဲတာ ဆက်စပ်တဲ့တရားခံ အားလုံးပေါ့ဗျာ၊ အုမင့် ပါတယ် နောက်ရန်ကုန်က သူ့ကိုခေါ်လာတဲ့ လေးယောက်၊ ပထမဆုံးမိတာက ၂ဝ၊ အဲဒီ့ စုစုပေါင်း ၂၅ ယောက်ကိုစွဲတာ၊ အယောက် ၂ဝ ကိုကျတော့ ၁၃(၁)နဲ့ လဝကမှူးက တရားလိုလုပ်ပြီးတော့ ထောင် ၅ နှစ်ချလိုက်တာ"

မနေ့က အမိန့်ချမှတ်ခံရသူတွေဟာ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ သိရပါတယ်။

လှေစီးဒုက္ခသည်တွေ စီးနင်းလာတဲ့ စက်လှေရဲ့ပိုင်ရှင်ဖြစ်သူ အုမင့် ဆိုသူဟာ ထိုင်းနိုင်ငံသားတစ်ဦးဖြစ်ပြီး တရားခံပြေးအဖြစ် ကြေညာထားရာကနေ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ကနေ ဖမ်းဆီးရမိခဲ့တာပါ။

နောက်ထပ် တရားစွဲခံရတဲ့ ထိုင်းနိုင်ငံသား စက်လှေပိုင်ရှင် အုမင့် အပါအဝင် ၅ ဦးကိုလည်း လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)နဲ့ အမှုဖွင့်ပြီး ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့လည်း အဲဒီရဲအရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးဒုက္ခသည် ၂၀၀ ကျော်ပါတဲ့ စက်လှေတစ်စီးကို မြန်မာရေပိုင်နက်ထဲကို ရောက်ရှိလာရာမှာ မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။