ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုချက်မရပဲ ကျင်းပခဲ့တာကြောင့် တရားမဝင်စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုနေမျိုးကျော်ကို မကွေးမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ၂ သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက် ပါတယ်။
အဲဒီပြစ်ဒဏ် နှစ်ခုထဲက ငွေဒဏ်ပေးဆောင်ခဲ့တယ်လို့ တရားရုံးချိန်းကို သွားရောက်ခဲ့တဲ့ မကွေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကိုစိုးမိုးက ပြောပါတယ်။
"ဒဏ်ငွေနှစ်သောင်းနဲ့ ထောင်ဒဏ်တစ်လကို ကြိုက်ရာရွေးပေါ့ဗျာ၊ အဲ့တော့ ဒဏ်ငွေနှစ်သောင်းပဲ ကျနော်တို့ပေးခဲ့တယ်"
ပြီးခဲ့တဲ့နှစ် ဇွန်လက မကွေးမြို့၊ ကန်သာရပ်ကွက်၊ အေးစေတီဘုရားဝင်းအတွင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကျင်းပခဲ့တာပါ။
အဲဒီဟောပြောပွဲကို ခွင့်ပြုချက်မရဘဲ ကျင်းပခဲ့တယ်ဆိုပြီး ကိုနေမျိုးကျော်ကို ပုဒ်မ ၁၈၊ ခွင့်ပြုချက်မရဘဲ အသံချဲ့စက်အသုံးပြုမှု ပုဒ်မ ၂၇ နဲ့ ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇ တို့နဲ့ ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
