၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲကဒ်ပြားတွေပေါ်မှာ ဖယောင်းသုတ်ထားတယ်လို့ တိုင်ကြားမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲဆိုထားရာမှာ ဒီနေ့ နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်တရားရုံးက ဒဏ်ငွေကျပ် တစ်ထောင် (သို့) ထောင်ဒဏ်တစ်လ ဆိုပြီး အမိန့်ချလိုက်ပါတယ်။
မဲဆန္ဒရှင်ပြည်သူတွေရဲ့ သတင်းပေးပို့ချက်ကြောင့် ကော်မရှင်ကိုစုံစမ်းပေးဖို့ တရားဝင်သတင်းပေးပို့ခဲ့ရာက အခုလို ဖြစ်ခဲ့တာပါလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"မဲဆန္ဒရှင်တွေက ဖယောင်းသုတ်တယ်၊ ခြစ်လို့မရဘူးလို့ စောဒကတက်ကြတယ်၊ ကျနော်က ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူးအနေနဲ့ ဒါကအရေးကြီးတယ်၊ လူတွေရဲ့မဲပေးခွင့်ကို ထိခိုက်စေတယ်၊ ဗဟိုကော်မရှင်ကို ကျနော်တရားဝင်ပို့တာ၊ ရွေးကောက်ပွဲအပြီး တစ်ပတ်လောက်အကြာမှာ သူတို့စုံစမ်းတယ်၊ NLD ပါတီကို ကျနော်ပြန်တင်ပြတယ်၊ ပါတီကအမှားလုပ်တာမဟုတ်လို့ တောင်းပြန်ဖို့မလိုဘူးလို့ ဒါကိုကျနော်တို့ အကြောင်းပြန်တယ်၊ ဒါကိုမကျေနပ်လို့ ကျနော့်ကိုတရားစွဲပါတယ်၊ တစ်နှစ်ကျော်ပါပြီ၊ ကျနော်တရားရုံးနဲ့ ဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အတွက် ဒါကို လုံးဝစောဒကမတက်ဘူး၊ ဒီနေ့အမိန့်ချပါတယ်၊ ဒဏ်ငွေတစ်ထောင်ချပါတယ်"
ဒီနေ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက ငွေဒဏ် ကျပ်တစ်ထောင် ပေးဆောင်လိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲပြားတွေပေါ်မှာ ဖယောင်းသုတ်တာမရှိကြောင်း ပြီးခဲ့တဲ့နှစ် မေလ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို တရားစွဲခဲ့တာပါ။
