မဒေးကျွန်းဆန္ဒပြသူ ၁၀ ဦးအမှု ဒုတိယအကြိမ် စစ်ဆေး

ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင် ၁၀ ဦးကို ကျောက်ဖြူတရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မြို့နယ်မှူး ဦးကျော်ဌေးက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈)နဲ့ တရားလိုပြုလုပ်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီအမှုရဲ့ ရုံချိန်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရသူတွေထဲကတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က RFA ကို အခုလို ပြောပါတယ်။

“ဒီနေ့တရားရုံးထုတ်တယ်၊ မေးတာကတော့ ဒီဆန္ဒထုတ်ဖော်တာဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်တာ၊ ပုဒ်မ ၁ဂ နဲ့ တရားစွဲတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ၄၅၃ အရ နိုင်ငံသားတိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုတာ သိလား၊ မသိဘူးလား အဲလိုပုံစံမျိုးတွေမေးပါတယ်၊ ကျနော်တို့က ဥပဒေမှာသတ်မှတ်ထားတဲ့အတိုင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်၊ ကျနော်တို့မှာ လက်နက်မပါဘူး၊ အမှန်တကယ် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဥပဒေအတိုင်း တောင်းတာပါ၊ ဒါပေမယ့် သူတို့ကဥပဒေအတိုင်း ခွင့်မပြုလို့ ကျနော်တို့ကနေ ပြည်သူလူထုရဲ့ဆန္ဒကို ထုတ်ဖော်တာပါ”

ကျောက်ဖြူ၊ မဒေးကျွန်းဒေသခံတွေဟာ တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီရဲ့ စီမံကိန်းတည်ဆောက်ဖို့ သိမ်းဆည်းထားတဲ့ လယ်မြေတွေအတွက် လျော်ကြေးကို နိုင်ငံတကာစံညွှန်းအတိုင်း သတ်မှတ်ပေးဖို့နဲ့ ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် မေလ ၂၇ ရက်နေ့မှာ ထပ်မံချိန်းထားတယ်လို့ သိရပါတယ်။