လယ်သမားအရေးဆန္ဒပြသူ ပုဒ်မ ၁၈ နဲ့ ဒုတိယအကြိမ် တရားစွဲခံရ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ စစ်တပ်ကသိမ်းဆည်း ထားတဲ့ မြေယာတွေ ပြန်လည်ရရှိရေးအတွက် သြဂုတ်လ ၂၃ ရက်နေ့က တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့ ကိုစိုးဝေကို သက်ဆိုင်ရာက ဒီကနေ့ ပုဒ်မ ၁၈ နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

ကိုစိုးဝေကို လိုက်လံအကူအညီပေးနေတဲ့ သံတွဲမြို့ခံ ကိုမြင့်မိုးက RFA ကို ပြောပြပါတယ်။

"သူ့ကို အဲနေ့က ရဲစခန်းကခေါ်ပြီး မနေ့ကလိုပဲမေးတယ်၊ ဒီနေ့တရားရုံးမှာ ကိုယ်ပိုင်အာမခံနဲ့ လွှတ်လိုက်တယ်၊ တရားရုံးမှာ ဒဏ်ငွေမဆောင်ဘူးတဲ့၊ သူ့မှာအပြစ်မရှိဘူး ထောင်ကျရင်ကျပါစေလို့ သူကပြောတယ်"

ကိုစိုးဝေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့က ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရြပီးတဲ့နောက်၊ အခုလ ၂၃ ရက်နေ့က သံတွဲမြို့ နည်းပညာကောလိပ်အနီးမှာ ထပ်မံဆန္ဒပြခဲ့တဲ့အတွက် သံတွဲမြို့နယ်တရားရုံးမှာ အခုလို ထပ်မံတရားစွဲတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၉၉ဝ ခုနှစ်တွေက သံတွဲမြို့နားမှာ ဟိုတယ်တွေဆောက်ဖို့ဆိုပြီး စစ်တပ်ကမြေယာဧကပေါင်း သောင်းဂဏန်းလောက်ကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။