မြန်မာတိုင်းမ်စ် ထုတ်ဝေသူ ရော့စ် ဒန်ကလေကို အာမခံ ငြင်းပယ်

2011-03-03

အာဏာပိုင်တွေ ထိမ်းသိမ်းထားတဲ့ မြန်မာတိုင်းမ် အမှုဆောင် အရာရှိချုပ်ဟောင်း သြစတြေးလျနိုင်ငံသား Mr Ross Dunkley ကို မတ်လ ၃ ရက် ဒီနေ့ ရုံးထုတ်စစ်ဆေးပြီးနောက် အမှုကို မတ်လ ၈ ရက်နေ့ ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

Photo: AFP

မြန်မာတိုင်းမ် ဂျာနယ် ထုတ်ဝေသူ သြစတြေးလျ နိုင်ငံသား ရော့စ် ဒန်ကလေကို ရဲက ဖမ်းဆီး တရားစွဲဆိုပြီး နောက် ၃ ရက်အကြာတွင် ဂျာနယ် အယ်ဒီတာချုပ် တာဝန်ကို လွှဲပြောင်းယူခဲ့သော ဒေါက်တာ တင်ထွန်းဦးက ကမာရွတ်မြို့နယ် တရားရုံး မတ်လ ၃ ရက်နေ့ အမှုချိန်းတွင် သတင်းဌာနများကို ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မစ္စတာ ဒန်ကလေကို ကမာရွတ်မြို့နယ် တရားရုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးချိန်ကလည်း သူ့ကို အာမခံပေးဖို့ ငြင်းဆန်ခဲ့ပါတယ်၊

၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ဝင်ရောက် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ ဒေါက်တာ တင်ထွန်းဦးက မြန်မာတိုင်းမ် အယ်ဒီတာချုပ် တာဝန်ကို မစ္စတာ ဒန်ကလေကို ဖမ်းဆီးပြီး ၃ ရက်အကြာမှာ လွှဲပြောင်းယူပါတယ်၊

မစ္စတာ ဒန်ကလေ တာဝန်ယူချိန်က မြန်မာတိုင်းမ်ကို Myanmar Consolidated Media (MCM) ဆိုပြီး လုပ်ကိုင်ခဲ့ရာက အခု ဒေါက်တာတင်ထွန်းဦးနဲ့ ဇနီး ဒေါက်တာ ခင်မိုးမိုးတို့ ပါဝင်တဲ့ Strategic Committee မဟာဗျူဟာ ကော်မတီလို့ နမည်ပြောင်း ဖွဲ့စည်းပြီး စာစောင်ကို စီမံခန့်ခွဲနေတယ်လို့ သိရပါတယ်၊
ဝန်ထမ်းတွေကိုတော့ နဂိုအတိုင်း ဆက်လက် လုပ်ကိုင်ဖို့ ညွှန်ကြားထားတယ် ဆိုပါတယ်၊

မစ္စတာ ဒန်ကလေကို ရဲက ဖေဖော်ဝါရီ ၁၀ ရက်နေ့ က ဖမ်းဆီးပြီး နောက်ရက်မှာ အင်းစိန်ထောင်ကို ပို့ဆောင် ချုပ်နှောင်ထားတာပါ၊ သူ့ကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင် သူနဲ့ပျော်ပါးတယ်ဆိုတဲ့ မခိုင်ဇာကို နာကျင်အောင် လုပ်မှု ၊ နာကျင်စေရန် ကြံရွယ်ချက်နဲ့ မူးယစ်ဆေးဝါး တိုက်ကျွေးမှု ၊ လက်ရောက်မှုနဲ့ သွားလာပိုင်ခွင့် ရှိတဲ့ နေရာကို မသွားလာနိုင်အောင် ပိတ်ပင်မှုတို့နဲ့ တရားစွဲထားပါတယ်၊
မခိုင်ဇာက ရဲမှာ ထွက်ဆိုချက်နဲ့ တရားရုံးမှာ ထွက်ဆိုချက် ကွဲလွဲနေတယ်လို့ ပြောဆို ဝေဖန်တာတွေ ရှိနေပြီး မခိုင်ဇာက အမှု ရုပ်သိမ်းလိုပေမဲ့ ရုပ်သိမ်းခွင့် မရဘူးလို့လည်း သိရပါတယ်၊

မစ္စတာ ဒန်ကလေဘက်က ရှေ့နေကြီး ဦးမင်းစိန် လိုက်ပါ ဆောင်ရွက်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအဝိုင်းက ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်