CPPCR ရဲ့ ဆယ်နှစ်ပြည့် အခမ်းအနား မဲဆောက်မှာ ကျင်းပ

ထိုင်း - မြန်မာနယ်စပ် ရွှေ့ပြောင်းလူထုတွေရဲ့ ကလေးငယ်တွေရရှိသင့်တဲ့ အခြေခံအခွင့်အရေးနဲ့ နိုင်ငံသားဖြစ်ရေး စတဲ့အခွင့်အရေးတွေအတွက် လုပ်ဆောင်နေတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေးကော်မတီ (မြန်မာနိုင်ငံ) Committee for Protection and Promotion of Child Rights (Burma) CPPCR ရဲ့ (၁၀) နှစ်ပြည့် အခမ်းအနားကို မဲဆောက်မြို့က Queen Palace Hotel မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကျင်းပရတာနဲ့ ပတ်သက်လို့ CPPCR ဥက္ကဌ ဒေါက်တာစင်သီယာမောင်က အခုလို ပြောပါတယ်။

“CPPCR ရဲ့ လုပ်ဆောင်ပြီးခဲ့တဲ့လုပ်ငန်းစဉ်တွေကိုလည်း ဒီမဲဆောက်ဒေသမှာရော နိုင်ငံတကာအဖွဲ့အစည်းတွေရော နောက်မြန်မာပြည်သားမိဘတွေရော သိစေချင်တဲ့ဆန္ဒနဲ့ ဆက်လက်ပြီးတော့ ပါဝင်လှုပ်ရှားဖို့ စည်းရုံးလှုံ့ဆော်တာလည်းဖြစ်တယ်။ တချိန်တည်းမှာပဲ စုဆောင်းထားတဲ့ မှတ်တမ်းမှတ်ရာတွေကိုလည်း ထုတ်ပြန်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်တယ်”

CPPCR အနေနဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီ၊ ထိုင်း Lawyers Society စတဲ့ အဖွဲ့အစည်းတွေရဲ့ လမ်းညွှန်မှုတွေနဲ့ ကလေးငယ်တွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချစေမယ့် မွေးစာရင်းနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး စတာတွေကို လက်လှမ်းမီရရှိနိုင်ဖို့ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေကိုလည်း ဒေါက်တာစင်သီယာမောင်က ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့အခမ်းအနားကို ကလေးအခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေတဲ့ ထိုင်းနဲ့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တွေက တာဝန်ရှိသူတွေအပါအဝင် ဧည့်ပရိသတ် (၁၀၀) နီးပါး တက်ရောက်ခဲ့ကြပါတယ်။