မှုခင်းကျဆင်းရေး လွှတ်တော်မှာ ဆွေးနွေး

ပြည်သူအများစုဟာ အကြောက်တရားတွေနဲ့ ရှင်သန်နေရတဲ့အတွက် အစိုးရသစ်အနေနဲ့ မှုခင်း ကျဆင်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ် က တင်သွင်းခဲ့ တာဖြစ်ပါတယ်။

"ယခုအစိုးရအသစ်တက်လာချိန်မှာ ပြည်သူလူထုအနေနဲ့ ယုံကြည်မှုများ အားကိုးမှုများ မျှော်လင့်ချက်များ များစွာရှိနေကြပါတယ်၊ ပြည်သူများရဲ့လွတ်လပ်မှု၊ လုံခြုံမှုတွေကို ခြိမ်းခြောက်ပြီး အကြောက်တရားများနဲ့ လူ့အခွင့်အရေးဆုံးရှုံးစွာ ရှင်သန်နေရတဲ့ ပြည်သူအများစုအတွက် မူခင်းကျဆင်းရေးဆိုတာ အဓိကပါဝင်နေ ပါတယ်၊ မှုခင်းများဟာ မြန်မာတစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ကိစ္စဖြစ်လို့ ပြည်သူတစ်ရပ်လုံးနဲ့ ပတ်သက် တဲ့ ပြဿနာကြီးလည်းဖြစ်ပါတယ်၊ ဒါ့ကြောင့် ယခုအဆိုကို တင်သွင်းရခြင်းဖြစ်ပါတယ်"

လောင်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီက တရားဥပဒေစိုးမိုးမှုရှိရင် မှုခင်းကျဆင်းစေ တာကြောင့် လွှတ်တော်အနေနဲ့ လည်း ခေတ်နဲ့မညီတော့တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့လိုအပ်သလို ပြည်သူတွေကို လည်း ဥပဒေနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်း အဆိုကို ထောက်ခံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ မှုခင်းဖြစ်ပွားမှုနှုန်းဟာ လျော့ကျမသွားပဲ နှစ်စဉ်တိုးတက်နေကြောင်း၊ လူဦးရေ တစ်ထောင် မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှုန်းသာ ရှိတဲ့အတွက် ရဲတပ်ဖွဲ့အင်အားကိုလည်း ပြင်ဆင်တိုးချဲ့ဖို့ လိုအပ်သလို၊ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ စွမ်းရည်မြှင့်တင်ဖို့အတွက် အထောက်အကူနဲ့ နည်းပညာတွေ ပ့ံ့ပိုးကူညီပေးဖို့ လိုအပ်ကြောင်းလည်း အဆို တင်သွင်းတဲ့ ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က တင်ပြခဲ့ပါတယ်။