CRPP အစည်းအဝေး

မြန်မာ့ နိုင်ငံရေးမှာ တိုင်းရင်းသားတွေ အရေးကို ချန်လှပ် ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ထပ်မံ ပြောဆို ခဲ့တယ်လို့ CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

“ဒေါ်စုနဲ့ ဦးသိန်းစိန် ဆွေးနွေးတာတွေကို ဒေါ်စုက ရှင်းလင်းပြပါတယ်။ အသေးစိတ်တော့ မဟုတ်ပါဘူး။ ဒါတွေကို မီဒီယာကို သော်လည်းကောင်း၊ ပြင်ပကို သော်လည်းကောင်း မထုတ်ပြန်ဘို့ သဘောတူ ထားပါတယ်။ အဓိက တခု ပြောနိုင်တာ ကတော့ အခု ဆွေးနွေးပွဲကပဲ ဖြစ်ဖြစ်၊ ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် တိုင်းရင်းသား အရေးဆိုတာ မြန်မာ့နိုင်ငံရေးမှာ ဖယ်ထား ချန်ထားလို့ မရနိုင်ဘူး ဆိုတာ ပြောပြပါတယ်” NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ပုံမှန် အစည်းအဝေးမှာ ဒေါ်အောင်ဆန်း စုကြည်က အဲဒီလို ပြောဆိုခဲ့တာပါ။ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ လက်ရှိ ဆွေးနွေးပွဲတွေကို CRPP အဖွဲ့ အနေနဲ့ ထောက်ခံပြီး ဆက်လက် ဖြစ်ပေါ်လာမယ့် ဆွေးနွေးပွဲတွေကနေ အောင်မြင်မှု ရလာနိုင်မယ်လို့ CRPP အဖွဲ့က ယုံကြည်ကြောင်းကိုလဲ ဦးအေးသာအောင်က ပြောပါတယ်။ “ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန် ဆွေးနွေးနေတဲ့ ကိစ္စအပေါ်မှာ စီအာပီပီအဖွဲ့ အနေနဲ့ကလည်း သဘောတူတယ်။ ဒီဆွေးနွေးပွဲကလည်း ရလာဒ်ကောင်းတွေ ရလာလိမ့်မယ် အောင်မြင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်းကို ကျနော်တို့က ဆွေးနွေးဖြစ်ပါတယ်” CRPP အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောဆိုခဲ့ပါတယ်။