ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ လွှတ်တော် ကိစ္စ စီအာပီပီ ဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စီအာပီပီ ခေါင်းဆောင်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ဒီကနေ့ အစည်းအဝေး ပြုလုပ်ပြီး မြန်မာနိုင်ငံ အရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ပါတယ်။

ရာဝတီ မြစ်ကြောင်း တစ်လျှောက် သစ်တော ပြုန်းတီးမှု နဲ့သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေ ဆိုးဝါးလာနေတာနဲ့ပတ်သြက်ပီး ဆွေးနွေးခဲ့ကြကြောင်း စီအာပီပီ အတွင်းရေးမှုး ဦးအေးသာအောင်က အခုလို ပြောပြပါတယ်။ "ကျနော်တို့ အဓိက အချက် ၃ ချက် ဆွေးနွေးကြပါတယ်။ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ သစ်တော ပြုန်းတီးမှု အပါအဝင် ကိစ္စ အ၀၀တွေဟာ ဧရာဝတီ မြစ်ကြောင်းက ထိခိုက်လာတယ်။ ထိခိုက်လာမယ်။ ပြီးတော့ မြစ်ဝကျွန်းပေါ် အထိ ထိခိုက်လာမဲ့ ထိခိုက်နေတဲ့အတွက် စိုးရိမ်တဲ့ အကြောင်းကိုလည်း ဆွေးနွေးကြတယ်။ နောက်နောင်မှာလည်းဘဲ ဒီဧရာဝတီ မြစ်ကြောင်းနဲ့ ပတ်သက်လို့ နေရာတကာမှာ ဖြစ်ပျက်နေတဲ့ အခြအနေ အကြောင်းအရာတွေကို အသေးစိတ် ဆက်ပြီး လေ့လာသွားဖို့ ကျနော်တို့ ဆွေးနွေးခဲ့ ကြပါတယ်။" အဲဒီ သဘာ၀ အရင်းအမြစ်နဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စတွေ အပြင်၊ အခုအခါ ကျင်းပနေစဲ လွှွတ်တော်နဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဦးအေးသာအောင်က ဆက်လက်ပြီး အခုလို ရှင်းပြပါတယ်။ "လွှတ်တော်အတွင်းမှာ ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောတာ ဆွေးနွေးတာ၊ ပြည်သူတွေ အတွက် ဆွေးနွေးတာ အခုအချိန် အထိ မတွေ့ရသေးဘူး။ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်က ကိုယ်စားလှယ်တွေက အများစု လွှမ်းမိုးထားတဲ့ အတွက်ကြောင့် ဒီလွှတ်တော်မှာ ဒီလူတွေရဲ့ အကျိုးကို ထောက်ပြနိုင်မဲ့ ပြောနိုင် ဆိုနိုင်မဲ့ အနေအထား တွေကို မတွေ့ရဘူး။ ဒါကြောင့် ကျနော်တို့ လွှတ်တော် ကိုယ်စားပြု ကော်မတီက လွှတ်တော်ထဲက ဆွေးနွေးချက်တွေကို ပြည်သူတွေဖက်ကနေ ဆက်လက် သုံးသပ် ထောက်ပြ ဝေဖန်ကြဖို့ ကျနော်တို့ ဆွေးနွေးကြ ပါတယ်။" ဒါ့အပြင် မကြာသေးမီကမှ စစ်အစိုးရက ပြဌာန်းလိုက်တဲ့ နိုင်ငံတော် ပြန်တမ်းအရ မြန်မာနိုင်ငံ ဘတ်ဂျက် ရသုံးငွေ ဆိုင်ရာဥပဒေနဲ့ ပတ်သက်လို့လဲ အစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။ ဒီဥပဒေကို ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော်က ပြဌာန်းမှသာ သင့်တော်မှာ ဖြစ်သလို၊ ဒီဥပဒေအရ စစ်တပ်အတွက် အသုံးစားရိတ်ဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး အပိုင်းတွေထက် များနေပြီး ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းပြည် ဘဏ္ဍာတွေကို အကန့်အသတ် မရှိ သုံးစွဲခွင့်ရှိအောင် ပြဌာန်းထားတာတွေဟာ လုံး၀ မဖြစ်သင့်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်ဦး၊ အလုပ်အမှုဆောင် ဦးဝင်းတင်၊ ဇိုမီးအမျိုးသားကွန်ဂရက် ခေါင်းဆောင် ဦးပူကျင်ရှင်းထန် အပါအဝင် စီအာပီပီ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါတယ်။