၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြမယ်ဆိုရင် အစိုးရအတွက်သာ အကျိုးရှိမှာဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့ မင်္ဂလာရာမ ပါဠိတက္ကသိုလ်မှာ မနေ့ကကျင်းပခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ် သဘောထားဖလှယ်ပွဲ မှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့ ၃၀ကျော် ဆွေးနွေးပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေက တော်တော်များများက တပ်ကနေပြီးတော့ အကုန်လုံးပေါ့နော် ယူထားတဲ့အပိုင်း ရှိတယ်၊ ဒီလိုစစ်တပ်ကနေပြီးတော့ ပါဝင်ပတ်သက်ပြီးတော့ ဦးစီးဦးဆောင်ယူထားတဲ့ ဥပဒေမျိုးနဲ့ သွားမယ်ဆိုရင် ဒီမိုကရက်တစ်နိုင်ငံတစ်ရပ် မဖြစ်နိုင်ဘူး၊ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုမဖြစ်ပဲနဲ့တော့ ငြိမ်းချမ်းရေး ဘယ်တော့မှတည်ဆောက်လို့ မရနိုင်ဘူး၊ တပ်ကနေပြီးတော့ ကြီးစိုးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ သွားမယ်ဆိုရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်ပါဘူး"
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ဘဲ ဒါမှမဟုတ် အသစ်မရေးဘဲ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးမယ်ဆိုရင် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အဟန့်အတားဖြစ်စေတယ်လို့လည်း ကြေ ညာချက်မှာပါရှိပါတယ်။
အဲဒီကြေညာချက်ကို နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့တွေထံ ဒီနေ့ ပေးပို့မယ်လို့ သိရပါတယ်။
အခမ်းအနားကို သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကယန်းပြည်သစ်ပါတီ၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ စတဲ့အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်ခွင့်ရဖိ့ု တိုင်းရင်းသားခေါင်းဆောင် ၈ ဦးက နိုင်ငံတော်သမ္မတနဲ့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံညှိနှိုင်းကြမယ်လို့သိရပါတယ်။