ဆန္ဒပြကျောင်းသားတွေကို အကြမ်းမဖက်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေ တိုက်တွန်း

0:00 / 0:00

ပညာရေးဥပဒေကို ဆန္ဒပြနေ ကြတဲ့ တက္ကသိုလ်ကျောင်း သားတွေကို အကြမ်းဖက် တားဆီးမှုတွေမလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီနေ့ သဘောထား ကြေညာ ချက် ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၅၇ ဖွဲ့က ဝန်းရံသွားမှာဖြစ် တယ်လို့လည်း ကြေညာချက် မှာ ရေးထားပါတယ်။ ပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး အခု ရက်ပိုင်းအတွင်း ပြုလုပ် မယ့် လေးပွင့်ဆိုင်တွေ့ဆုံပွဲမှာ အနှစ်သာရပြည့်ဝဖို့ လိုအပ်တယ်လို့ ညီမျှခြင်းမြန်မာ အဖွဲ့ခေါင်းဆောင် ဦးအောင်မျိုးမင်းက ပြောပါတယ်။

"အခုကျနော် တွေ့ဆုံဆွေးနွေးဖို့အတွက် လုပ်ဆောင်နေတယ်၊ ဒါပေမယ့် တချို့စစ်ကြောင်းတွေက ဆက်လက်ပြီးချီတက်နေတဲ့အချိန်မှာ နှောင့်ယှက်တဲ့အရာမျိုး နောက်ဒီလိုခြိမ်းခြောက်တဲ့ သဘောမျိုးက ဆက်လက်ရှိနေတုန်းပဲ၊ ဒီဟာကို ကျနော်တို့မဖြစ်စေချင်ပါဘူး၊ နောက်တစ်ခါတွေ့ဆုံတဲ့ အချိန်မှာဆိုလို့ရှိရင် အမှန်တကယ် ကျနော်တို့ အကောင်းဘက်ကို အကျိုးပြုပြီးတော့ ကျနော်တို့ အနှစ်သာရရှိတဲ့ တွေ့ဆုံ မှုတွေဖြစ်ပြီးတော့ ကောင်းမွန်တဲ့ ပုံစံအတိုင်းဖြစ်ဖို့အတွက် အနှစ်သာရရှိရှိနဲ့ လုပ်ဆောင်ဖို့အတွက် တိုက်တွန်းလိုတာကြောင့်မို့လို့ ကျနော်တို့ အခုလိုမျိုး ဒီနေ့ထုတ်ပြန်ကြေညာချက် လုပ်တာဖြစ်ပါတယ်"

ဒီအတောအတွင်း ကျောက်ပန်းတောင်းမြို့မှာ ရောက်ရှိနေတဲ့သပိတ်မှောက် ကျောင်းသားတွေက ရန်ကုန်မြို့အထိ ဆက်လက်လမ်းလျှောက် ချီတက်မယ်လို့ ကြေညာလိုက်ပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ဥက္ကဌ ကိုကျော်ကိုကိုက သတင်းထောက်တွေနဲ့ တွေ့ဆုံပြောကြားလိုက်ပါတယ်။

"သပိတ်ကို ရပ်ထားလို့မဖြစ်ဘူး ကျနော်တို့ဖြစ်စေချင်တဲ့ လမ်းကြောင်းအတိုင်း ရန်ကုန်ကိုသွားချင်တယ်၊ ရန်ကုန်မှာ ဆွေးနွေးပွဲတွေရှိမယ့်အတွက် ရန်ကုန်ကို ကျနော်တို့ရောက်အောင်ချီတက်ပြီးတော့ ကျနော်တို့အနေနဲ့ ဆက်လက်ပြီးတော့ ကျနော်တို့ဒီဟာ တောင်းဆိုသွားမှာဖြစ်တယ်၊ ဆွေးနွေးတဲ့ရက်မှာ ကျနော်တို့ သပိတ်ကို ခေတ္တတော့ရပ်နားထားမယ်၊ ဆွေးနွေးတဲ့ရက်မဟုတ်တဲ့ ကျန်တဲ့ရက်တွေမှာ ကျနော်တို့ဦးတည်တဲ့ ရန်ကုန်ကိုဆက်ပြီးချီတက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒီနေ့ အစည်းအဝေးမှာချတယ်"

သပိတ်မှောက်ကျောင်းသားတွေဟာ ဒီနေ့ ကျောက်ပန်းတောင်းမြို့မှာ အစည်းအဝေးထိုင်ခဲ့ကြပြီး မြို့တွင်းလှည့်လည်ခဲ့ကြပါတယ်။

မန္တလေးမြို့ကနေ ဒီလ ၂ဝ ရက်နေ့က စတင်ထွက်ခွာလာတဲ့ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားသပိတ်ဟာ ဒီနေ့ ကျောက်ပန်းတောင်းမြို့မှာ ရပ်နားနေပြီး ဧရာဝတီတိုင်းက ဆန္ဒပြကျောင်းသားတွေနဲ့ မနက်ဖြန် ပူးပေါင်းမှာဖြစ်ပါတယ်။

ကျောက်ပန်းတောင်းမြို့ကို ရောက်ရှိနေတဲ့ ဆန္ဒပြကျောင်းသားတွေထဲက ကိုမိုးထက်နေကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။