ဒေါ်အောင်ဆန်းစုကြည်ကို ချက်သမ္မတဟောင်းရဲ့ ဂုဏ်ပြုပန်းပေးအပ်

ကွယ်လွန်သူ ချက်သမ္မတဟောင်း Vaclav Havel ကိုယ်စား ချက်နိုင်ငံခြားရေး ၀န်ကြီး Karel Schwazenberg ဟာ မနေ့ညက ကျင်းပတဲ့ ညစာစားပွဲမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အ၀ါရောင် နှင်းဆီပန်းခြောက် တစ်ပွင့် ပေးအပ်လိုက်ပါတယ်။
2012-07-17
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
vaclav-havel-b305
ချက်သမ္မတဟောင်း Mr. Vaclav Havel
Photo: The Official Website of Václav Havel

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကွယ်လွန်ခဲ့တဲ့ မစ္စတာ ဟာဗဲလ်ဟာ နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ၂၀၀၅ ခုနှစ်က ပေးပို့တဲ့ မွေးနေ့ ဆုတောင်း သ၀ဏ်လွှာမှာ လူကိုယ်တိုင် တွေ့ဆုံလိုပြီး နှင်းဆီတစ်ပွင့် ပေးလိုက်နိုင်ရင် အတိုင်းမသိ ၀မ်းသာကြည်နူး ရပါမယ်လို့ ရေးသားခဲ့ဖူးပါတယ်။ ဒါပေမဲ့ မစ္စတာ ဟာဗဲလ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ကြိမ်တခါမှ လူချင်း မဆုံဖူးဘဲ တယ်လီဖုန်း ဒါမှမဟုတ် စာနဲ့ပဲ အဆက်အသွယ် လုပ်ခဲ့ရသူပါ။

ဒီလို မစ္စတာ ဟာဗဲလ်နဲ့ မဆုံဖူးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း အထူးဝမ်းနည်းပေမဲ့ ရုန်းကန်ခဲ့ရတဲ့ ကာလတွေအတွင်း သူ့အတွေး သူ့အရေးတွေက လမ်းညွှန်ပေးတဲ့အတွက် မစ္စတာ ဟာဗဲလ်နဲ့ အလွန်နီးစပ်တယ်လို့ ခံစားရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မစ္စတာဟာဗဲလ်ဟာ မြန်မာနိုင်ငံကို သံယောဇဉ် ကြီးမားလှတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ကမ္ဘာ့အမျိုးသမီးရေးရာ သံအမတ် Melanne Verveer က ပြောပါတယ်။ သမ္မတ ဟာဗဲလ်ဟာ မြန်မာပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စာနာသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုလချီးမြှင့်ဖို့ အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

သူဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် မပြတ်အမြဲ ပြောကြားခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲ လက္ခဏာ ဆောင်လာတာကို အားပေးကြပါလို့ သူမကွယ်လွန်ခင်မှာ နိုင်ငံတကာကို မစ္စတာ ဟာဗဲလ်က တိုက်တွန်းခဲ့ပါတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မနေ့ညက ပေးအပ်လိုက်တဲ့ နှင်းဆီပန်းခြောက်ဟာ မစ္စတာ ဟာဗဲလ်ရဲ့ ရုပ်ကလာပ် ထည့်ထားတဲ့ခေါင်းပေါ်မှာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တင်လိုက်တဲ့ ဂုဏ်ပြုပန်းဖြစ်ပြီး ဖန်အိမ်ထဲမှာ သိမ်းထားခဲ့ပါတယ်။

ဒီနှင်းဆီပန်းဝါကို ချက်အနုပညာရှင် တစ်ဦးက အလှမပျက်ရအောင် လုပ်ထားခဲ့တာပါလို့ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မှာ အတူပါလာတဲ့ မစ္စတာဟာဗဲလ်ရဲ့ မိတ်ဆွေလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ ချက်သံအမတ်ဟောင်းလည်းဖြစ်တဲ့ Jiri Sitler က ပြောပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်