ဒဂုံတက္ကသိုလ်မှာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြ

0:00 / 0:00

ဒဂုံတက္ကသိုလ် ကျောင်းသားနားနေဆောင်မှာ စိုက်ထူထားတဲ့ ခွပ်ဒေါင်းအလံကို ကျောင်းအုပ်ချုပ်ရေး က ဖြုတ်သိမ်းလိုက်တဲ့အတွက် ဒီနေ့ ဒဂုံ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၃၀ လောက်က ဒီနေ့ ဒဂုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီကိစ္စအတွက် တက္ကသိုလ်ပါမောက္ခနဲ့ သွားရောက်တေ့ွဆုံပြီး ဆွေးနွေးခဲ့တာ အဆင်မပြေတဲ့ အတွက် ဆန္ဒပြတာဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်း သားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုနန်းလင်း က ပြောပါတယ်။

"ပါချုပ်နဲ့ ဒီနေ့သွားတွေ့တဲ့အခါမှာ ဒီလိုလုပ်တာ ဟာ ကျောင်းသားသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိပါးပါတယ်ဆရာ၊ အဲတော့ အလံကို ဆရာကိုယ်တိုင်ပြန်ပေးပါ၊ ဖြစ်နိုင်ရင် ရုံးခန်းပေးပါ၊ တကယ်လို့ ဆရာသာ ရုံးခန်းပေးခဲ့မယ်ဆိုရင် ဒီလိုပြဿနာတွေ ဖြစ်မလာပါဘူးလို့ ပြောတဲ့အခါမှာ သူကဒါတွေကို မလုပ်ပေးနိုင်ပါဘူး၊ သမဂ္ဂဆိုတာ တရားဝင် မဟုတ်ပါဘူး၊ သမဂ္ဂဆိုတာ မရှိပါဘူးဆိုတဲ့ သမဂ္ဂကိုထိပါးစော်ကားတဲ့ စကားပြေတဲ့အတွက် ကျနော်တို့ ဆန္ဒပြကြတာပါ"

ဒဂုံတက္ကသိုလ် သမိုင်းစာသင်ဆောင်အနီးက ကျောင်းသားနားနေဆောင်မှာ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ရုံးခန်းကို ကျောင်းသားသမဂ္ဂက သူတို့သဘောနဲ့သူတို့ ဖွင့်လှစ်ထားပြီး ကျောင်းသားသမဂ္ဂအလံတွေကို စိုက်ထူထားတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က ဒဂုံတက္ကသိုလ်က ကျောင်းသား ၉၀ လောက်ဟာ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး သမဂ္ဂရုံးခန်းဖွင့်ခွင့်ပေးဖို့ တက္ကသိုလ်ပါမောက္ခထံ တောင်း ဆိုခဲ့ပေမယ့် တရားဝင်ဖွင့်လှစ်ခွင့်မရဘူးလို့ သိရပါတယ်။

ဒီကနေ ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိုင်ရဲသူကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။