တောင်ဒဂုံမြေစာရင်းရုံးမှာ လယ်သိမ်းခံတောင်သူတွေ သွားရောက်ကန့်ကွက်

0:00 / 0:00

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွေက ရာနဲ့ချီတဲ့လယ်သမားတွေဟာ သူတို့လယ်တွေကိုသိမ်းတဲ့ ကုမ္ပဏီတွေဘက်က လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခဲ့ တာကြောင့် ဒီနေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြေစာရင်း ဦးစီးဌာနရုံးမှာ သွားရောက်ကန့်ကွက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကုမ္ပဏီကြီး ၁၆ ခုလောက်က အဲဒီမြို့နယ်တွေမှာ လယ်ဧကသောင်းဂဏန်းလောက်ကို လယ်သမားတွေနဲ့ အကျိုးတူလုပ်မယ်ဆိုပြီး သိမ်းယူခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရက ကုမ္ပဏီတွေမှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ခွင့်ပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့လယ်သမားတွေက ကန့်ကွက်ခဲ့ကြတာပါ။

အစိုးရက တစ်လအတွင်းကန့်ကွက်နိုင်တယ် လို့ ပြောထားတဲ့အတွက် လာရောက်ကန့်ကွက် တာဖြစ်တယ်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာက ဦးမောင်ညိုက RFA ကို ပြောပါတယ်။

"လယ်ယာမြေကို ကုမ္ပဏီကနေပြီးတော့ သီးစားတင်ပိုင်ခွင့်ပြုတယ်လို့ မြေစာရင်းကနေပြီးတော့ ၁၇ ရက်နေ့က သိရှိရတယ်၊ သူတို့ကျတော့တင်ပိုင်ခွင့်ရှိတယ်၊ တောင်သူလယ်သမားကျတော့ တင်ပိုင်ခွင့်မပြုတဲ့အတွက် ကျနော်တို့က ပြန်လည်ပြီးတော့ ကန့်ကွက်ရခြင်းဖြစ်တယ်"

လယ်ယာမြေတွေကို သိမ်းယူခဲ့တဲ့ကုမ္ပဏီတွေထဲမှာ ဧဒင် ၊ မက်စ်မြန်မာ၊ ရွှေတောင်၊ ယုဇနစတဲ့ကုမ္ပဏီတွေပါတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီတွေထဲက မက်စ်မြန်မာကုမ္ပဏီကတော့ လယ်တစ်ဧကကို ၂၈ သိန်းနှုန်းနဲ့ လျော်ကြေးပေးထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီကနေ့တင်ပြတဲ့ လယ်သမားတွေရဲ့ ကန့်ကွက်ကြောင်း အကြောင်းကြားစာတွေကိုတော့ မြို့နယ်မြေစာရင်း ဦးစီဌာနက လက်ခံခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။