အနည်းဆုံးလုပ်ခလစာကို တိုင်းနဲ့ပြည်နယ် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ ကျပ် ၄ဝဝဝ ကနေ ၄၈၀၀ ကြား သတ်မှတ်ဖို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီတွေ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ထားပါတယ်။
နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုက အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ ကော်မတီတွေဟာ အနည်းဆုံးလုပ်ခလစာ နှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် ဒီနေ့ နေပြည်တော်မှာ ဆွေးနွေးကြတာဖြစ်ပါတယ်။
အနည်းဆုံးလုပ်ခလစာကို သတ်မှတ်ရာမှာ ရှမ်းပြည်နယ် ကော်မတီက ၄၀၀၀ ကျပ်နဲ့ ရန်ကုန်တိုင်း ကော်မတီက ကျပ် ၆၄၀၀ အထိအဆိုပြုပေမယ့် ဆွေးနွေးပွဲအပြီးမှာ ၄၀၀၀ နဲ့ ၄၈၀၀ ကြား သတ်မှတ်ဖို့ ဆုံးဖြတ်လိုက် တာဖြစ်ပါတယ်။
ဒီကနေ့ ဆုံးဖြတ်ချက်ကို တိုင်းနဲ့ပြည်နယ်အလိုက် အလုပ်သမားတွေ၊ အလုပ်ရှင်တွေ ပြန်လည်ဆွေးနွေးပြီး လာမယ့်ဒီဇင်ဘာလမှာ ကျင်းပမယ့်အစည်းအဝေးမှာ ဆွေးနွေးချက်တွေကို တင်ပြရမှာဖြစ်ပါတယ်။
ဒါ့အပြင် အရင်က အလုပ်သမား ၁၅ ဦးအထက်ရှိတဲ့ လုပ်ငန်းတွေသာ အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်မှာ အကျုံးဝင်ပေမယ့် ဒီတစ်ကြိမ်မှာတော့ အလုပ်သမားအရေအတွက်ကို ဘယ်နှစ်ဦးသတ်မှတ်မယ်ဆိုတာ ပြန်လည်ဆွေးနွေးမယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
လက်ရှိသတ်မှတ်ချက်ကို အလုပ်သမားတွေဘက်က ကျေနပ်မှာမဟုတ်ဘူးလို့ အစည်းအဝေး တက်ရောက်လာတဲ့ အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပါတယ်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနဲ့ တိုင်းနဲ့ပြည်နယ် ကော်မတီတွေ လာမယ့်ဒီဇင်ဘာလမှာ ဆွေးနွေးပွဲမကျင်းပခင် ဆွေးနွေးပွဲတစ်ခု ကျင်းပမယ်လို့လည်း သိရပါတယ်။
အနည်းဆုံးလုပ်ခလစာကို ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်သတ်မှတ်ခဲ့ရာမှာ အနည်းဆုံး ကျပ် ၃၆၀၀ သတ်မှတ်ခဲ့တာဖြစ်ပြီး ဥပဒေအရ နှစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ရမှာ ဖြစ်ပါတယ်။