ဗုဒ္ဓဘာသာဝင်များ အကြမ်းဖက်မှုရှောင်ဖို့ ဒလိုင်းလားမား တိုက်တွန်း


2013.09.30

မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့  နိုင်ငံတွင်းမှာ အကြမ်းဖက်ပဋိပက္ခတွေ ထပ်ပြီးမဖြစ်ပွားဖို့အတွက်  ထိန်းသိမ်းကြစေလိုတယ်လို့ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားက မေတ္တာရပ်ခံ ဟောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ဒါရမ်ဆလာမြို့က တိဗက် ဗုဒ္ဓဘာသာကျောင်းတော်မှာ တရားဟောကြားရာမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက မကြာသေးခင်က မြန်မာနိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်ဆလင်တွေအကြား ပဋိပက္ခတွေကြုံတွေ့ခဲ့ရကြောင်း၊ ဒီပဋိပက္ခတွေကြောင့် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတချို့ဆိုရင် အကြမ်းဖက်သမားတွေအဖြစ် ခေါ်ဆိုသတ်မှတ်ခံခဲ့ရတာကို ဝမ်းနည်းဖွယ်ကြုံတွေ့ခဲ့ရကြောင်း ပြောပါတယ်။

ဒ့ါအပြင် မကြာသေးခင်က ချက်သမ္မတနိုင်ငံမှာပြုလုပ်တဲ့ Forum 2000 ညီလာခံကိုသွားရောက်စဉ်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစကားပြောခဲ့ရပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုရှိတာကို သိခဲ့ရကြောင်းလည်း ပြောပါတယ်။

လူသားတွေအနေနဲ့ မိမိတို့ရဲ့ဘာသာတရားကို ကိုးကွယ်ယုံကြည်တာနဲ့ တချိန်တည်းမှာ၊ သူူတပါးရဲ့ဘာသာတရားကို လေးစားမှသာလျှင် မတူကွဲပြားတဲ့ ဘာသာတွေအကြား ညီညွှတ်မှုရရှိနိုင်မယ်လို့ လည်း ဘုန်းတော်ကြီးဒလိုင်းလားမားက ထည့်သွင်းဟောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။