ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက် (KCSN) က ရန်ကုန်မြို့ စီးတီး စတား ဟိုတယ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး ပြောသွားတာပါ။
ကယားပြည်နယ် အတွင်းမှာ သံလွင်မြစ် ရေကာတာ (ရွာသစ်)၊ ပွန်ချောင်း ရေကာတာ (ဘောလခဲ)၊ တဘက်ချောင်း ရေကာတာ (ရှမ်း-ကယားနယ်စပ်) ဆိုတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ဖို့အတွက် အစိုးရနဲ့ တရုတ်အစိုးရပိုင် Datang ကော်ပိုရေးရှင်းတို့ဟာ ၂၀၁၀ နှစ်ဆန်းပိုင်း ကတည်းက လတ်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တာကြောင့် တည်ဆောက်တော့မယ့် စီမံကိန်းကြီးတွေ အဖြစ် ကယန်း တိုင်းရင်းသားတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။ သမ္မတထံ အိပ်ဖွင့်ပေးစာ ပေးပို့မှာနဲ့ ပတ်သက်ပြီး ကယန်းလူငယ် ကိုလွှီးစီငြိမ်းက RFA ကို အခုလို ပြောပါတယ်။
"လတ်တလော မှာတော့ အချက်အလက်တွေ ရရှိဖို့အတွက် လွတ်လပ်စွာ သွားလာခွင့်တွေ၊ လွတ်လပ်စွာ အချက်အလက် ယူခွင့်တွေ၊ စုံစမ်းခွင့်တွေ ပေးဖို့ ဆိုတဲ့ဟာမျိုးတွေတော့ ကျွန်တော်တို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်၊ စနစ်တကျပေါ့နော်။ အစိုးရဘက်မှာ တာဝန်ရှိတဲ့ အကြောင်းကို သမ္မတဆီကို တိုင်ကြားပြီးမှ သမ္မတက နေပြီးတော့ ဆောင်ရွက်ပေးဖို့ ဆိုတာ သမ္မတ တိုင်ကြားစာတွေလည်း လုပ်သွားဖို့ အစီအစဉ် အမြန်ဆုံး ဖြစ်မှာပါ၊ ဘာဖြစ်လို့လဲ ဆိုရင် ဒီဆည်ကြီးကို စပြီးမှ အခြေအုတ်မြစ် မတည်ခင်ကတည်းက ကျွန်တော်တို့ တစ်စုံတစ်ရာ ကန့်ကွက်စရာရှိလည်း ကန့်ကွက်နိုင်အောင် လုပ်ဖို့လိုတယ်ပေါ့နော်၊ ဆိုတော့ အမြန်ဆုံး ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။"
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ KNPP နဲ့အစိုးရတ့ို နှစ်ဘက်ကြား ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်မှာ ဒီစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်ကို လေ့လာခွင့်ပြုဖို့ဆိုတဲ့ အချက် ပါဝင် အတည်ပြုခဲ့ပေမယ့် ဒီနေ့အချိန်ထိ ကရင်နီ လူမှုအဖွဲ့အစည်းတွေကို လေ့လာခွင့် မပြုသေးဘူးလို့ ပြောပါတယ်။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အနေနဲ့ အစိုးရနဲ့ မကြာခင် ထပ်မံတွေ့ဆုံမယ့် ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ ဒီကိစ္စကို ထပ်မံဆွေးနွေးပြီး စီမံကိန်း မလုပ်ဖို့ ပြောရန် စီစဉ်ထားကြောင်း KNPP မှ ဗဟိုကော်မတီဝင် ဦးခူးဒဲရယ်က RFA ကို အခုလိုပြောပါတယ်။
"လာမယ့် ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာလည်း ဒါတွေထပ်တွေ့ဖို့ကတော့ စီစဉ်ထားပြီးသားပေါ့လေ၊ ကျွန်တော်တို့ကတော့ တိတိကျကျတော့ ပြည်သူတွေကိုပေါေ့နာ်။ ဥပမာ တကယ် လုပ်မယ် မလုပ်ဘူး ဆိုတာတော့ တိတိကျကျတော့မသိသေး အဖြေမထွက်လာသေးဘူး။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်တို့ KNPP အနေနဲ့ကတော့ ဒါဟာ မလုပ်သင့်ဘူးဆိုတဲ့ဟာ အဲဒီ့လိုသဘောထား ရှိပါတယ်၊"
သတင်းစာ ရှင်းလင်းပွဲမှာ ကရင်နီ လူမှုအဖွဲ့အစည်းများ ကွန်ရက်က တောင်းဆိုချက် နှစ်ရပ်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး စီမံကိန်းတွေကို လူထုလက်ခံမှသာ အကောင်အထည်ဖော်ဖို့ ဆိုတဲ့ အချက်နဲ့ လက်ရှိ အခြေအနေမျိုးအောက်မှာ ဘယ်လိုနည်းနဲ့မှ ပွင့်လင်းမြင်သာစွာ အကဲဖြတ် လေ့လာနိုင်တဲ့ အနေအထား မရှိတာကြောင့် စီမံကိန်းတွေကို ရပ်ဆိုင်းပါ ဆိုတဲ့အချက် နှစ်ချက် ပါဝင်ပါတယ်။