ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသူရိန်ဇော်ရဲ့ အဲဒီတင်ပြချက်နဲ့ ပတ်သက်ပြီး လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ဒီပြဿနာကို မိမိတို့ ဝန်ကြီးဌာနကသာ ကိုင်တွယ် ဆောင်ရွက်သွားမယ့်အကြောင်း ပြည်ထောင်စုလွှတ်တော်တွင်း တုံ့ပြန်ပြောဆိုရာကနေ အခုလို မဲခွဲဆုံးဖြတ်ဖို့ ဖြစ်လာရတာပါ။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်တွင်း မဲခွဲရာမှာတော့ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ဘက်က ရှုံးနိမ့်သွားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က အာအက်ဖ်အေကို ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် တက်ရောက်သူ ကိုယ်စားလှယ် ၅၄၈ ဦးအနက် ၃၉၉ ဦးက ဦးသူရိန်ဇော်ရဲ့အဆိုကို ထောက်ခံပြီး ဝန်ကြီး ဦးမြင့်လှိုင်ကို ထောက်ခံသူ ၅၃ ဦးရှိကာ ကျန်ကိုယ်စားလှယ်တွေက ကြားနေခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ရေလွှဲဆည်နဲ့ မြစ်ရေတင် စီမံကိန်းတွေဟာ လက်တွေ့မှာ အရှုံးပေါ်နေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက လေ့လာတွေ့ရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို အကြောင်းကြား တင်ပြခဲ့ရာက ဒီကိစ္စ ပေါ်ပေါက်ခဲ့ပါတယ်။ အခုလို အရှုံးပေါ်နေတဲ့ မြစ်ရေတင် စီမံကိန်းနဲ့ ရေလွှဲဆည် စီမံကိန်းတချို့ကို ရပ်ဆိုင်းပစ်ဖွယ် ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က ပြောပါတယ်။