ဆည်ဖေါက်ချလို့ သေဆုံးသူ ၅၀ ရှိ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်အတွင်းက ဆည်တော်လေးဆည်က ရေပိုတွေကို ဖေါက်ချခဲ့တာကြောင့် ရွာလုံးကျွတ် ရေမြုပ်ပြီး သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ သတင်း ရရှိပါတယ်။

ဆည်တော်လေး ဆည်နားမှာ ရှိတဲ့ ဂိုက်တန်း နဲ့အုံးချောရွာ ၂ ရွာမှာ အိမ်ခြေ ၁၅၃ လုံး ရေလွှမ်းမိုးပြီး ပျက်စီးခဲ့သလို မူလတန်းကျောင်း တစ်ကျောင်းလည်း ပျက်စီးသွားတယ်လို့သိရပါတယ်။

အခုလို ဆည်ရေကြောင့် ဒုက္ခရောက်သူတွေကို ကူညီမယ့်သူတွေထဲက ပဲခူးမြို့က ပရဟိတ ကျောင်းတိုက်က ဆရာတော် ဦးကိတ္တိ ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ မန္တလေးကို သွားရောက်မယ်လို့ပြောပါတယ်။

"မန္တလေးကို တက်သွားပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူပြီး သွားရောက် လှူဒါန်းမှာပါ။ ဟိုမှာ ဘာလိုသလဲ၊ ဘာအခက်အခဲရှိတယ်ဆိုတာ စုံစမ်းမယ်လေ။ ဆန်၊ ဆီ၊ အဝတ်အစားပေါ့။ လိုတာကို ဒီက စုံစမ်းပြီး သဘက်ခါလောက် သွားဖြစ်မယ် ထင်ပါတယ်။"

အခုလို ဆည်တော်လေးဆည် ရေဖေါက်ချခဲ့တာနဲ့ပတ်သက်ပြီး ဒေသခံတွေကို အာဏာပိုင်တွေက ဘာကြောင့် ကြိုတင် သတိပေးခြင်း မရှိတာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ မန္တလေးမြို့ခံ တစ်ဦးကတော့ အခု ရက်ပိုင်း အတွင်း မန္တလေးဘက်မှာ ရေကြီးနေတဲ့ အတွက် ဆည်တော်လေးဆည် ရေလျှံတာကြောင့် ဖေါက်ချတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။