ဆည်အောက်မှာ ရှိတဲ့ တံတားတခု ကျိုးသွားကြောင်း ဒေသခံတယောက်က RFA ကို ပြောပါတယ်။
“၁၁ ရက်နေ့ မနက်ပေါ့လေ၊ ၃ နာရီထိုးလောက်ပေါ့၊ မလဲဆည်ကနေပြီးတော့ လွှတ်ချလိုက်တာ ပေ ၃၀ ခန့်လောက် တံတားပြတ်ကျသွားတယ်၊ မန္တလေးကနေ မိုးကုတ်ကို တက်တဲ့လမ်းပေါ့လေ။ လက်ပံလှနားမှာ အဓိကသွားတာက တော့ မန္တလေး၊ မိုးကုတ်ရယ်၊ ဗန်းမော်ဖက်ကိုလည်း သွားတယ်၊ ဖြတ်လို့ မရသေးဘူး သူတို့ ယာယီတံတား လုပ်ဖို့တော့ ပြင်နေတာပေါ့၊ ယာယီတံတားလုပ်ဖို့ တပတ်လောက်နေရင် ပြီးမယ်လို့တော့ ပြောတာပဲ။”
ဒါ့အပြင် အဲဒီလိုဆည် ရေဖောက်လွှတ်လိုက်တဲ့အတွက် ဆည်အောက်မှာ ရှိတဲ့ လူနေအိမ်အချို့လည်း ရေထဲ ပါသွားသလို ပစ္စည်းဆုံးရှုံးမှုလည်း တော်တော်များတဲ့အကြောင်း စောစောက ဒေသခံက ဆက်ပြောပါတယ်။
“တိုက်တလုံးပါသွားတယ်။ သုံးခန်း ၂ခန်းပေါ့ ၂ ထပ်တိုက်ပေါ့။ ပစ္စည်း ဘာတွေကတော့ ဘာမှကို မရလိုက်ပါဘူး၊ အကုန်ပါသွားတာပေါ့ လူတောင် လွတ်ထွက်လိုက်ရတာ၊ တိုက်ကတော့ သိန်း ၂၀ဝ ဖိုး ခန့်မှန်းခြေပေါ့၊ ရေတွေက ခါးစောင်းလောက်ထိ ဖြစ်သွားတဲ့အခါကျတော့ ဆန်အိတ်တွေတို့ ဘာတွေတို့ အကုန်လုံးမြုပ်သွားတာ ဆုံးရှုံးမှုကတော့ တော်တော်များတယ်ဗျ။ တဦး တဦးကို သိန်း ၄၀၊ ၅၀ လောက်ပေါ့လေ။ တခြားအိမ်တွေကတော့ လက်ပံလှရဲ့ အရှေ့ဖက်က ရုံးပင်ကုန်းက အိမ်လေးတွေပါ ပျက်စီးသွားတယ်။ အထည်ဆိုင်တွေကလည်း ရေတွေ စိုကုန်လို့ ပျက်စီးကုန်တာတွေ တော်တော်များတာပေါ့။”
အဲဒ ီမလဲဆည်ဟာ ၂၀ဝ၅ ခုနှစ်လောက်က စတင်ဆောက်လုပ်ခဲ့ပြီး ဆည်ဆောက်ပြီးတာ ၂ နှစ်လောက်ပဲ ရှိသေးတယ်လို့ သူကပြောပါတယ်။ အခုအခါ အဲဒီဆည်က ရေတွေ စိမ့်ထွက်နေတာကြောင့် ဆည်တာဝန်ရှိသူတွေက ဆည်အောက်က လူတွေကို သတိပေးထားပြီး တကယ်လို့ အဲဒီဆည် ကျိုးပေါက်သွားမယ်ဆိုရင် အောက်မှာရှိတဲ့ လက်ပံလှ၊ မြိုသစ်ကလေး၊ ရုံးပင်ကုန်းနဲ့ ခမ်းပါး စတဲ့ ရွာ ၆ ရွာလောက် ရေလွှမ်းသွားနိုင်တယ်လို့ သိရပါတယ်။
အခု ရက်ပိုင်းအတွင်းမှာပဲ မန္တလေးတိုင်း ဆည်တော်ကြီး၊ ဆည်တော်လေး စတဲ့ဆည်တွေက ရေမထိန်းနိုင်တော့ပဲ ဖွင့်ချလိုက်တာကြောင့် မန္တလေး ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်စတဲ့ မြို့နယ်တွေနဲ့ မတ္တရာမြို့နယ်အတွင်းက ကျေးရွာ အမြောက်အမြားလည်း ရေလွှမ်းသွားပြီး လူအများ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။