ခေါင်းလောင်း ကောလာဟလ စစ်ကိုင်းတိုင်းအစိုးရ သတိပေး


2016.07.22
damazaydi-bell-620.jpg စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက္ကာတော်ရွာဆိပ်ကမ်းမှာ ဓမ္မစေတီခေါင်းလောင်းဖေါ်ဖို့အတွက် ပူဇော်ပသမှုများကို ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်စဉ်
Photo: kyaw min aung Facebook

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က ချင်းတွင်းမြစ်ထဲမှာ ဓမ္မစေတီခေါင်းလောင်းရှာဖွေနေတာတွေကို ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် ဥပဒေအရ အရေးယူတာတွေအထိ လုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရအဖွဲ့က ပြောပါတယ်။

ချင်းတွင်းမြစ်ထဲ ဓမ္မစေတီခေါင်းလောင်းပေါ်တယ်ဆိုပြီး လူအုပ်စုတွေနဲ့ ရှာဖွေနေကြတဲ့အတွက် အဲ့ဒီ လို ပြောဆိုချက်တွေဟာ ကောလာဟလတွေသာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

"ဒါတွေကတော့ ကျနော်တို့ နယ်မြေခံတွေရဲ့အခြေအနေ၊ အချက်အလက်တွေပေါ်မှာ မူတည်ပြီးတော့ ဒါတွေအရေးယူ ဆောင်ရွက်သွားမှာပေါ့၊ အခုအတိုင်းကတော့ ကျနော်တို့ ဒီကနေပြီးတော့ အစိုးရ အဖွဲ့အနေနဲ့က နယ်မြေခံကို လွှတ်လိုက်တဲ့အခါမှာ နယ်မြေခံတွေက သူတို့သတင်းအချက်အလက်က အားလုံးကောလာဟလတွေချည်းပါပဲ၊ နယ်ခံပုဂ္ဂိုလ်တွေ သိပ်မပါဘူး၊ သူတို့ရဲ့ရည်ရွယ်ချက်ပေါ်မှာ မူတည်ပြီး ကျနော်တို့က စုံစမ်းစစ်ဆေးမှုတွေလုပ်သွားမှာပေါ့၊ အားလုံးကောလာဟလနဲ့ လုပ်ဆောင် ချက်တွေလို့ပဲ ကျနော်တို့က ယူဆထားတာလေ၊ ခေတ်လူငယ်၊ ခေတ်အတွေနဲ့တွေးရင်လည်း ယုံနိုင်စရာလည်း အကြောင်းမရှိဘူးပေါ့"

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ ဝါဆိုလပြည့်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် မောက္ကာတော်ရွာနား ချင်းတွင်းမြစ်ဘေးမှာ အဖွဲ့တစ်ဖွဲ့က မမှန်သတင်းတွေ လွှင့်ခဲ့ကြတာလို့ ပြောပါတယ်။

အဲ့ဒီနေ့က ချင်းတွင်းမြစ်ထဲမှာ နဂါးစာကျွေးတာ၊ မြစ်ထဲမှာ ခေါင်းလောင်းဆယ်ဖို့အတွက် စီစဉ်ကြတာဖြစ်ပြီး အတော်စည်ကားသွားခဲ့ပါတယ်။

ခေါင်းလောင်းပေါ်မယ်ဆိုပြီး ကောလာဟလလွှင့်တဲ့အဖွဲ့တွေဟာ ဒေသခံတွေမဟုတ်ကြဘဲ တစ်ခြားဒေသက လာရောက်ပြီး အခုလိုသတင်းမျိုးတွေလွှင့်ကြတာဖြစ်ကြောင်းလည်း ဦးမြင့်ကြည် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။