ကျောင်းသားသမဂ္ဂ အမှုဆောင်ရွေးပွဲ အကြောင်းမကြားလို့ တားမြစ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းက ဒဂုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂရဲ့ အလုပ်အမှုဆောင် ရွေးချယ်ပွဲပြုလုပ်ဖို့ စီစဉ်တာကို ကျောင်းအတွင်းမှာမလုပ်ဖို့ ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေက တားမြစ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက ဒဂုံတက္ကသိုလ်ထဲက စားသောက်ဆိုင်တစ်ခုမှာ အစည်းအဝေးလုပ်နေစဉ် လာရောက်တားမြစ်ခဲ့တာလို့ ကျောင်းသားသမဂ္ဂအမှုဆောင် ကိုမင်းသုခက RFA ကို ပြောပါတယ်။

"ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်ရွေးကောက်ပွဲကို ဒီနေ့နေ့လယ် ၁၂ နာရီအချိန်မှာ နားနေဆောင်အရှေ့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့အချိန်မှာ ကျောင်းအာဏာပိုင်တွေ က ရောက်လာပြီးတော့ မလုပ်ရဘူးဆိုပြီး ဝင်တားတယ်ပေါ့ဗျာ၊ ကျောင်းသားတွေနဲ့ ဆရာတွေ အဓိကရုဏ်းလေးတွေ ဖြစ်သွားတယ်၊ ပါချုပ်ကနေပြီးတော့ ရွေးကောက်ပွဲကို အချိန်ဆွဲထားချင်တဲ့ ပုံစံမျိုးနဲ့ ပြောတယ်ခင်ဗျ၊ ကျောင်းထဲမှာခွင့်မပြုနိုင်ဘူး၊ အပြင်မှာလုပ်လို့ ပြောတယ်ခင်ဗျ၊ ကျောင်းသားတွေ အကုန်လုံးက ကျောင်းသားသမဂ္ဂရဲ့ ရွေးကောက်ပွဲဆိုတာ ကျောင်းထဲမှာပဲဖြစ်သင့်တယ်ဆိုတာပြော တယ်၊ ကျောင်းသားသမဂ္ဂရဲ့ ရွေးကောက်ပွဲကို ကျောင်းထဲမှာ ခွပ်ဒေါင်းအလံစိုက်ပြီး လုပ်နေပါတယ်"

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက အမှုဆောင်ရွေးချယ်ပွဲလုပ်မှာကို ကျောင်းအုပ်ချုပ်ရေးမှူးဆီ ကြိုတင်အကြောင်းမကြားခဲ့တဲ့အတွက် အခုလို တားမြစ်ခံရတာဖြစ်တယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။

ဒဂုံတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်ပေါင်း ၈ဝဝ ကျော်ရှိပြီး သမဂ္ဂကိုဖွဲ့စည်းခဲ့တာ အခုဆိုတစ်နှစ်ပြည့်ပြီလို့ သိရပါတယ်။ ဒီကနေ့မှာတော့ သမဂ္ဂရဲ့ တာဝန်ခံအဖြစ်ဆောင်ရွက်မယ့် အမှုဆောင် ၉ ဦးကို စတင်ရွေးချယ်တာဖြစ်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။