၈၈ မျိုးဆက်နဲ့ အရေးကြီး လို့ တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေကို လွတ်လပ်ရေးနေ့ က တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး အရင် ကလည်း နိုင်ငံရေးပြသနာတွေကို မိမိတို့တိုင်ပင်ညှိနိုင်းလေ့ရှိသလို အခုလည်း တိုင်းပြည်ရဲ့လက်ရှိ အခြေအနေအရ အရေးကြီးတဲ့အတွက် တွေ့ဆုံဆွေးနွေး ခဲ့တာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

"နိုင်ငံရေးအရတော့ ညှိနှိုင်းပြီးတော့ လုပ်လေ့ရှိပါတယ်၊ ဒါထူးထူးထွေထွေ လွတ်လပ်ရေးနေ့မှာ တွေ့တာမဟုတ်ပါဘူး၊ မတွေ့တာကြာလို့ တွေ့တာလည်းပါပါတယ်၊ ဒီအချိန်ကလည်း အရေးကြီးတဲ့အချိန်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးစရာရှိတာလေး ဆွေးနွေးတာပါ"

RFA က သီးသန့်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။

၈၈ မျိုးဆက်အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတစ်ခုထူထောင်ပြီး ရွေးကောက်ပွဲဝင်သင့်တယ် ထင်မြင်ယူဆပါသလားလို့ မေးမြန်းရာမှာတော့ ဒါဟာ ကာယကံရှင်တွေ ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ကြောင်း ပြောဆိုပါတယ်။

တဆက်တည်းမှာပဲ ချင်းပြည်နယ်ခရီးစဉ်အတွင်း ပြည်ထောင်စုရိပ်သာမှာ တည်းခိုခြင်းမပြုခဲ့တာနဲ့ ပတ်သက်ပြီး မိမိတို့တစ်ဖွဲ့လုံးအတွက် နားခိုရန်နေရာ အလုံအလောက်ရှိပါလျက်နဲ့ သက်ဆိုင်ရာက ကန့်သတ်ခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

"ပြည်ထောင်စုရိပ်သာက လူပြည့်နေလို့လားဆိုတော့လည်း မဟုတ်ဘူး၊ လူကနှစ်ယောက်ပဲနေတယ်၊ အရေးပေါ်အတွက် အခန်းပိုထားရတယ်ဆိုလို့ရှိရင်တောင်မှ ၁၈ ယောက်အတွက် အများကြီးလုံလောက်တယ်လို့ ကျမထင်တယ်လေ၊ ၁၈ ယောက်ပေးလိုက်လို့ရှိရင် အဲဒီ ၁၈ ယောက်နဲ့ ၂ ယောက်ပေါင်းလိုက်မှ ၂ဝ ပေ့ါ၊ လူ ၁၄ ယောက်စာပိုမှာပဲ"

ဒါ့အပြင် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ကိုင်ဆောင်ရွက်ရာကနေ အစွန်းရောက်တဲ့ ဘာသာရေး လူမျိုးရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာခြင်းမရှိရန်အတွက် ပြုလုပ်သင့်တာတွေကို ဆရာတော်ကြီးများက မိမိထက် ပိုမိုသိရှိကြပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။