၂၁ ရာစုပင်လုံမှာ အဖွဲ့အား လုံး ဆွေးနွေးခွင့်ပြုဖို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား

0:00 / 0:00

ဒီနေ့ နေပြည်တော် The Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင် ဆင်ရေးကော်မတီ အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ကိုပါ ညီလာခံမှာ ပါဝင်နိုင်ရေးအတွက် စီစဉ်ဖို့ မူဝါဒချမှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် AA ၊ TNLA နဲ့ MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပင်လုံညီလာခံမှာ ပါဝင်နိုင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ကိုယ်စားလှယ် ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့က မိုင်းလားမှာ သွားရောက်ဆွေးနွေး မယ်လို့လည်း သိရပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လကုန် နောက်ဆုံးထားပြီး ကျင်းပနိုင်အောင်စီစဉ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်းလည်း သမ္မတရုံးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

"နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့သဘောထားက သြဂုတ်လနောက်ဆုံးထားပြီးတော့ ညီလာခံကျင်းပမယ်၊ အဲ့တော့ ရွှေ့ရင်းရွှေ့ရင်းနဲ့၊ ဟိုဘက်ရွှေ့ပါဦး၊ သီတင်းကျွတ်ရွှေ့ပါဦး၊ ဒါမျိုးတွေဖြစ်သွားမယ်ပေါ့နော်၊ အဲ့လိုမျိုးဖြစ်မှာလည်း သူကမလိုလားဘူး၊ သူကတော့ သတ်မှတ်ထားချိန်ကိုတော့ မလျှော့နိုင်ဘူး"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ပေးတဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်လက်ဆွေးနွေးရမှာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သင့်မြတ်အောင် ဆောင်ရွက်ကြရုံမကဘဲ တိုင်းရင်းသားတွေအချင်းချင်း ပြန်လည်သင့်မြတ်ရေးကိုပါ ဆောင်ရွက် ကြဖို့ အစည်းအဝေးမှာ တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဖေ့စ်ဘွတ်မှာ သတင်းထုတ်ပြန် ထားပါတယ်။

ဒီကနေ့ အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးကော်မတီ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဆပ်ကော်မတီ ၂ ခုက အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေး ကော်မတီတို့ဟာ ဒီနေ့ နေပြည်တော် Horizon Lake View ဟိုတယ်မှာ ညီလာခံဖြစ်မြောက်ရေး အတွက် ပြင်ဆင်ထားတဲ့ အခြေအနေတွေကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

၂၁ ရာစုပင်လုံညီလာခံအကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။