၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ပုဒ်မ ၄၃၆ ကို ပြင်ဖို့အတွက် လွှတ်တော်အတွင်းကသာ ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ အဲဒီလိုပြင်နိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူထုဆီက လက်မှတ်တွေ လိုက်လံကောက်ယူသွားမှာဖြစ်ကြောင်း ဒီကနေ့ ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ ကျင်းပတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဟောပြောခဲ့ ကြပါတယ်။
အဲဒီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းသည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး စသည့် ပြည်ထောင်စုအရေးတို့နဲ့ ပတ်သက်နေတယ်၊ ဒါကြောင့် ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားက ပုဒ်မ ၄၃၆ ကို ပြည်သူက ရွေးကောက်တင်မြောက် တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သုံးပုံနှစ်ပုံနဲ့ ပြင်မယ်
ပုဒ်မ ၄၃၆ ကိုပြင်ဆင်ဖို့ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်တွေ ကောက်ယူသွားမှာဖြစ်ပြီး အချိန်ကာလ အားဖြင့် လာမယ့် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ နှစ်လနီးပါးကြာ ကောက်ယူသွားမှာဖြစ် တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က ဗိုလ်စိန်မှန်ကွင်းမှာ အခုလို ကြေညာခဲ့ပါတယ်။
"ကျနော်တို့ ဒီလက်မှတ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံပြီးတော့ ကောက်ခံမှာပါ ၊ ပြည်သူတွေ လက်မှတ်ရေးထိုးဖို့အတွက် ကျနော်တို့ လက်မှတ်စာအုပ်တွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ရုံးတွေနဲ့ ရပ်ကွက်ကျေးရွာရုံးတွေမှာ ထားရှိမှာဖြစ်ပါတယ်၊ တချို့့ရပ်ကွက်တွေ ကျေးရွာတွေမှာ ကျနော်တို့ရုံး မရှိတဲ့အခါ ကျတော့ အဲဒီရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ အဖွဲ့ဝင်တွေရဲ့အိမ်မှာ မြို့နယ်စည်းရုံးရေးအဖွဲ့တွေ ရပ်ကွက်ကျေးရွာ က ကျနော်တို့ အမှုဆောင် အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ တာဝန်ခံပြီးတော့ ထားရှိပေးမှာဖြစ်ပါတယ်၊ လက်ကမ်း စာစောင် နည်းတွေ ကြေငြာတဲ့နည်းတွေနဲ့ လက်မှတ်စာအုပ်ထားရှိတဲ့နေရာကို သိရှိအောင် ကြေညာဆောင် ရွက်ပေးမှာဖြစ်ပါတယ်"
ဗိုလ်စိန်မှန်ကွင်း လူထုဟောပြောပွဲကို ပရိသတ် တစ်သောင်းနီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ဟာ မနက်ဖြန်မှာတော့ မန္တလေး အောင်ပင်လယ်ကွင်းမှာ ပုဒ်မ ၄၃၆ ပြင် ဆင်ရေး ဟောပြောမှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့မှာလည်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပွဲကို လာမယ့်မေလ ၁၉ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဟောပြောပွဲကို မိုးညှင်းမြို့အရှေ့ကျောင်းတိုက်က ရွှေသာလျောင်းကျောင်းမှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ မိုးညှင်းမြို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်အေးက RFA ကို ပြောပါတယ်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောချက်ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။
အဲဒီလူထုဟာပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်တို့ရဲ့ ဟောပြောချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ကောက်နှုတ်တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။