ဒေါ်အောင်ဆန်းစုကြည် Sakharov လူ့အခွင့်အရေးဆုကို လက်ခံယူမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဥရောပခရီးစဉ်အတွင်း လွန်ခဲ့တဲ့ ၂၃ နှစ်ကရရှိခဲ့တဲ့ Sakharov လူ့အခွင့်အရေးဆုကို လက်ခံယူမယ်လို့ EU ဥရောပသမဂ္ဂက မနေ့က ပြောပါတယ်။

ဒါ့ပြင် အောက်တိုဘာ ၂၂ ရက်နေ့ ဥရောပပါလီမန်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက ၁၉၉၀ ပြည့်နှစ်မှာ Sakharov လူ့အခွင့်အရေးဆု ချီးမြှင့်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်က စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားခဲ့ပါတယ်။ Sakharov ဆုအတွက် အမေရိကန် ဒေါ်လာ ၆ သောင်းခွဲနဲ့ ညီတဲ့ယူရိုငွေ ၅ သောင်း ချီးမြှင့်မှာဖြစ်ပါတယ်။

ဒီဆုကို တောင်အာဖရိကနိုင်ငံက လူဖြူလူမည်းခွဲခြားမှု ဆန့်ကျင်ရေးခေါင်းဆောင် Nelson Mandela နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan တို့ ရရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကတော့ ၂၀၁၁ ခုနှစ်က Sakharov ဆု ရရှိခဲ့သူတစ်ဦးဖြစ်တဲ့ ကျူးဘားအတိုက်အခံခေါင်းဆောင် Guilermo Farinas ဟာ Strasbourg မြို့ကိုလာရောက်ပြီး ဆုကို လက်ခံယူခဲ့ပါတယ်။ ဆုရရှိပြီး နှစ်နှစ်ကြာမှ လာရောက်လက်ခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Sakharov ဆု ချီးမြှင့်ဖို့ စာရင်းသွင်းခံထားရသူတွေထဲမှာ အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးသတင်းတွေကို ဖွင်ချခဲ့ပြီး ပြည်ပမှာ တိမ်းရှောင်နေရသူ Edward Snowden ၊ ပါကစ္စတန်နိုင်ငံက မိန်းကလေးများ ပညာရေးလှုပ်ရှားဆောင်ရွက်သူ Malala Yousafzai နဲ့ အကျဉ်းကျခံနေရတဲ့ Belarus နိုင်ငံသားအတိုက်အခံ သုံးယောက်တို့ ပါဝင်ကြောင်း သိရပါတယ်။