မြန်မာနိုင်ငံက တောင်သူလယ်သမားတွေရဲ့အရေးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေးတွေနဲ့ သက်ဆိုင်တဲ့အတွက် အထူးအလေးထားရ မှာဖြစ်ကြောင်း ဒီတောင်သူတွေအတွက် ပညာပေးရေး အစီအစဉ်တွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ပါတယ်။
ပြည်သူ့လွှတ်တော်ကို ဒီနေ့ သွားရောက်လေ့လာတဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်တာပါ။
"တောင်သူလယ်သမားကိစ္စဆိုတာ လူမှုရေးရော၊ နိုင်ငံရေးရော၊ စီးပွားရေးရော အားလုံးဆိုင်နေတယ်ဆိုတော့ တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံနိုင်ဘူး၊ အဲ့ဒါကြောင့်မို့ ဂရုစိုက်ပါ၊ တောင်သူလယ်သမားတွေ ပညာပေးရေးနဲ့ ပတ်သက်လို့ တတ်နိုင်သမျှ လုပ်ပေးနေတယ်၊ ပညာပေးရေးဆိုတာ နှစ်ခုပေါ့၊ တစ်ခုကတော့ တစ်ခုကတော့ ဥပဒေပိုင်းဆိုင်ရာ ကိုယ့်ရဲ့ရပိုင်ခွင့်၊ နောက်တစ်ခုက နည်းပညာပိုင်းဆိုင်ရာပေါ့၊ ကိုယ့်ရဲ့လုပ်ငန်းက ပိုပြီးတော့ အဆင့်မြင့်လာအောင်၊ ဝင်ငွေပိုကောင်းလာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာမျိုးပေ့ါ"
တောင်သူလယ်သမားတွေအရေးအတွက် လွှတ်တော်က ဆွေးနွေးဆောင်ရွက်နေတာတွေရှိပေမဲ့ တကယ်တန်းမှာ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်မှုတွေသာ အဓိကကျကြောင်း၊ ဒါကြောင့် အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လိုကြောင်း အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒီတွေ့ဆုံပွဲမှာ တိုက်တွန်းခဲ့ပါတယ်။
"တောင်သူလယ်သမားတွေ အဆင်ပြေဖို့ဆိုတာဟာ မြေမရှိပဲနဲ့ ဘယ်လိုမှ လယ်ကွင်းမရှိဘူး၊ တောင်သူ လယ်သမားဆိုတာဟာ မြေရှိကိုရှိရမယ်၊ ဒီနိုင်ငံမှာဆိုလို့ရှိရင် မြေပိုင်ဆိုင်မှုပြဿနာဟာ တကယ့်ကို အကြီးမားဆုံးပြဿနာပဲ၊ လွှတ်တော်က အကြံပြုလို့ပဲရမယ် တကယ်အကောင်အထည်ဖော်ဖို့ဆိုတာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစိုးရကပဲ အကောင်အထည်ဖော်လို့ရတယ်"
နောက်ဆုံးအနေနဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ အဆင့်မြင့်မားလာရေးကို မင်းကင်းမြို့နယ် NLD အဖွဲ့ဝင်တွေအနေနဲ့ ကြိုးစားဆောင်ရွက်ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။
