"ပထမရေနဲ့ဖျန်းပြီးမှ ဒီလိုမျက်ရည်ယိုဗုံးသုံးတယ် ပြီးမှမီးတောက်တယ် ဘာတယ်ဆိုတော့ နည်းပညာအရဆိုရင် မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ ဒီဟာကတော့ကော်မရှင်က စုံစမ်းပြီးမှ အဖြေပေးမှာပါ၊ တရားဥပဒေ သဘောတရားအရပေါ့နော် အပြစ်ရှိတယ်ဆိုတဲ့ အထောက်အထား မလုံလောက်မချင်း ဘယ်သူမှာမှအပြစ်မရှိဘူးလို့ ကျမတို့ဒီလိုယူဆပါတယ်"
RFA က ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကြေးနီတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အစိုးရက ဒီဇင်ဘာလ ၃ ရက်နေ့ ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့အခါမှာ မူလပထမ ဒီဇင်ဘာလ ၁ ရက်နေ့ ကြေညာချက်မှာ ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲအပေါ် သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခဲ့ပုံကို စုံစမ်းစစ်ဆေးရေး ဆိုတဲ့အချက် ပါဝင်ခြင်းမရှိတော့တာနဲ့ ပတ်သက်လို့လည်း RFA က မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည့်က အဲဒီဟာက လွှတ်တော်မှာတင်တဲ့အဆိုနဲ့မကိုက်ညီလို့ပါ၊ ဒါပေမယ့် နောက်ပိုင်းမှာဆိုရင် ဆက်စပ်နေတဲ့ကိစ္စတွေကိုလည်း စုံစမ်းနိုင်တယ်လို့ ထည့်ထားပါတယ် လို့ ဖြေကြားခဲ့ပါတယ်၊
ဒါ့အပြင် ကြေးနီတောင်စီမံကိန်းကို အကြမ်းဖက်ဖြိုခွဲခဲ့မှုကြောင့် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိ မရှိ ဆိုတာကိုလည်း စုံစမ်းရေးကော်မရှင်က လေ့လာသုံးသပ်ပြီး တင်ပြမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကိုပြောပါတယ်။