လွှတ်တော်ထဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ ပြည်သူတွေအတွက် အကျိုးရှိမယ့်ကိစ္စပေါ်မူတည်ပြီး ဆန့်ကျင်မှု၊ ထောက်ခံ မှုတွေလုပ်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းကြည်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
ဒီနေ့ နေပြည်တော်က ပြည်သူ့လွှတ်တော် အစည်း အဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာပါ။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက NLD ပါတီ လိုချင်တဲ့ ပုံစံအတိုင်း ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လွှတ်တော် မှာ တင်သွင်းမယ်ဆိုရင် မိမိတို့အနေနဲ့ ထောက်ခံသွား မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
"တချို့ကပြောတယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အတိုက်အခံ နိုင်ငံရေးပါတီအလုပ် မလုပ်ဘူးပေါ့၊ ပြောချင်တာက လွှတ်တော်ထဲမှာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီကို တချိန်လုံးဆန့်ကျင်နေတယ်၊ အကြောင်းအရာကိုကြည့်ပါ၊ အကြောင်းအရာက ထောက်ခံသင့်တယ်ဆိုရင် အလွတ်ထောက်ခံမှာပေ့ါ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကျမတို့လိုချင်တဲ့ ပုံစံအတိုင်း ၄၃၆ ပြုပြင်ရေးကို လွှတ်တော်မှာ အဆိုတင်သွင်းရင် ကျမတို့ထောက်ခံမှာပေ့ါ"
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးပမ်းမှုဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတာတွေနဲ့ ထိပ်တိုက်တေ့ွစရာမရှိကြောင်းလည်း ပြောခဲ့ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား ကိုယ်စားလှယ်တွေအပေါ်မှာ မူတည်နေကြောင်း၊ တပ်မတော်သား ကိုယ်စားလှယ်လို့ပြောရာမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် မူတည်နေကြောင်းနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ မထောက်ခံရင် ဖွဲ့စည်းပုံကို ပြင်လို့မရတဲ့အတွက် တပ်မတော်ဟာ လွှတ်တော်ရဲ့အထက်မှာ ရှိနေသလို ဖြစ်နေကြောင်း အဲဒါကိုက ဒီမိုကရေစီ နည်းလမ်းမကျတာဖြစ်ကြောင်း လည်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။