ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက်ကြာ တရုတ်ပြည် ခရီးစဉ်ကနေ ဒီနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာ ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီကနေ NLD ကို ပါတီတစ်ခုအနေနဲ့ ဖိတ်ကြားခဲ့တာ ဖြစ်ပေမယ့် နှစ်နိုင်ငံအရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွား တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် က ပြောပါတယ်။

"ပါတီကဖိတ်ကြားခဲ့လို့ ပါတီကိုယ်စားပြုသွားတာဖြစ်ပေမယ့် ပါတီအကျိုးစီးပွားပေါ်မှာ အဓိကထားပြီးသွားတာ မဟုတ်ပါဘူး၊ နှစ်နိုင်ငံရဲ့အကျိုးစီးပွားအတွက်ကို အဓိက ဦးတည်ပြီးသွားတာပါ၊ ဒီခရီးစဉ်က အောင်မြင်တဲ့ခရီး စဉ်တစ်ခုလို့ ယူဆရတယ်၊ အောင်မြင်မှုဆိုတာ လက်ငင်းအကျိုးရရှိသလို၊ ရေရှည်မှ အကျိုးအမြတ် ရမယ့် အောင်မြင်မှုတွေလည်းရှိတာပဲလေ၊ အဲ့တော့ အောင်မြင်တယ်လို့ ကျနော်တို့ယူဆတယ်၊ ဒါပေမယ့် ဘယ်လိုအကျိုးရှိမလဲဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်လို့မရပါဘူး"

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဘေဂျင်း၊ ရှန်ဟိုင်းမြို့တွေနဲ့ ယူနန် ပြည်နယ် ကူမင်းမြို့ကို သွားရောက် ခဲ့ပါတယ်။ ကူမင်းမြို့မှာ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့ရာမှာ ယူနန်ပြည်နယ်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာလုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ မြန်မာနိုင်ငံအတွက် နမူနာ ယူစရာဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့ ယူနန်နေ့စဉ် သတင်းကဖော်ပြပါတယ်။

ခရီးစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ မဟုတ်ပေမဲ့၊ ခရီးစဉ်နဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အကြောင်း အရာတချို့ကိုတော့ ထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ၅ ရက်ကြာသွားရောက် ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ အောင်မြင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ အဖွဲ့ဝင်NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က RFA ကိုပြောပါတယ်။ ဦးတင်အောင်ခိုင်ရဲ့ ဆက်သွယ်မေးမြန်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။