ဒေါ်အောင်ဆန်းစုကြည် ဥရောပ ၅ နိုင်ငံ ခရီးစဉ်ကနေ ပြန်လည်ရောက်ရှိ

အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး ဥရောပသမဂ္ဂ ၅ နိုင်ငံကို သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန် လည်ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက် ၈ နာရီကျော်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတာဖြစ်ပြီး ပါတီဝင်တွေနဲ့ ချစ်ကြည်လေးစားသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တတိယအကြိမ်မြောက်ဖြစ်တဲ့ ဥရောပခရီးစဉ်မှာ ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ပြင်သစ်၊ အင်္ဂလန်နဲ့ အီတလီနိုင်ငံတွေကို သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်းမှာ လူဇင်ဘတ်နိုင်ငံမှာကျင်းပတဲ့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန် နန်းတော်ကိုလည်း လည်ပတ်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း ဗြိတိသျှဝေလမင်းသား ချားလ်စ်နဲ့ ဇနီး ကာမီလာတို့နဲ့ လန်ဒန်မြို့တော် Clarence House အိမ်တော်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆင်းဟတ်ဗြိတိသျှ တော်ဝင်စစ်တက္ကသိုလ်မှာလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြီးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်ကတည်းက ဥရောပပါလီန်က ချီးမြှင့်ခဲ့တဲ့ လူ့အခွင့်အရေးဆု Sakharov နဲ့ တက္ကသိုလ်တွေကပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဆုတွေနဲ့ မြို့တွေကပေးအပ်တဲ့ ဂုဏ်ထူးဆောင်မြို့သူဆုတွေကို လက်ခံယူခဲ့တယ်လို့ သိရပါတယ်။