ဥရောပသမဂ္ဂ ၅ နိုင်ငံကို သွားရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူဇင်ဘတ်မြို့မှာ ကျင်းပနေတဲ့ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU နိုင်ငံခြားရေးရာကောင်စီ အစည်းအဝေးကို ဒီနေ့တက်ရောက်ခဲ့ပါတယ်။ အစည်းဝေးအတွင်း ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး နေ့လည်စာအတူ သုံးဆောင်ခဲ့ပါတယ်။
နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ Catherine Aston က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေ့လည်စာအတူ သုံးဆောင်ရတာကို ဝမ်းမြောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဆီကတဆင့် မြန်မာပြည် သူတွေရဲ့ လက်ရှိစိန်ခေါ်မှုတွေအကြောင်း ကြားနာဖို့ အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း၊ အီးယူက မြန်မာကို စီးပွားရေးနိုင်ငံရေး အကူညီပေးဖို့ဖွဲ့ထားတဲ့ လုပ်ငန်းအဖွဲ့မှာ ဦးစီးဆွေးနွေးဖို့ သူ့အနေနဲ့မကြာခင် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်မှာဖြစ်ကြောင်း ပြောပါတယ်။
အလားတူပဲ အစည်းဝေးကိုတက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ရေးနဲ့ အမှန်တကယ်လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ အရေးပါဆုံးစိန်ခေါ်မှုဖြစ်နေသလို အားလုံးပါဝင်တဲ့ တိုးတက်မှုရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေဟာလည်း မေးခွန်းထုတ်စရာဖြစ်နေကြောင်း၊ ဒီကိစ္စ (၃) ရပ်လုံးဟာ ဆက်နွယ်နေပြီး အခြေခံဥပဒေပြင်ဆင်ရေးကို ဦးတည်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ ဥရောပသမဂ္ဂခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်လို့ ဦးကျော်မင်းထွန်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။