လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာကျင်းပမယ့် ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှုညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ NLD ကျန်းမာရေးကွန်ရက်ဥက္ကဌနဲ့ သီတဂူဆရာတော် အရှင်ဉာဏိဿရတို့ တက်ရောက်ကြမယ်လို့ သိရပါတယ်။
NLD ကျန်းမာရေးကွန်ရက်အနေနဲ့ မြန်မာနိုင်ငံမှာ ယဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့အမှုဆိုပြီး စောင့်ဆိုင်းတာတွေမရှိကြဖို့အပြင် တာဝန်ယူမှုရှိတဲ့ ကျန်းမာရေးစနစ်နဲ့ ပတ်သက်တဲ့ အကြောင်း တင်ပြဆွေးနွေးမှာဖြစ်တယ်လို့ NLD ကျန်းမာရေးကွန်ရက်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။
"ဟိုးအရင်တုန်းကဆိုရင် လမ်းပေါ်မှာ ကားတိုက်သွားတယ်ဆိုရင် ရဲမလာမချင်း ဘယ်သူမှမထိရဲဘူး၊ နောက်တချို့ဆေးခန်းတွေမှာ နီးစပ်ရာပေ့ါ သွေးတိတ်အောင်ဖြစ်ဖြစ်၊ အသက်ကယ်ဖို့ဖြစ်ဖြစ် မလုပ်ရဲကြဘူး၊ ရဲပိုင်ဆိုပြီးတော့ ဘယ်သူမှမထိရဲဘူး၊ အဲဒါမျိုးလေးတွေ တင်ပြချင်တယ်ပေ့ါ၊ အခုက ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့က အန္တရာယ်များလာတယ်ဆိုတာက သိတဲ့အတိုင်းပဲ"
အဲဒီညီလာခံကို ဒိုဟာမြို့ ကာတာ အမျိုးသားကုန်သွယ်မှုစင်တာမှာ ပြုလုပ်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်တာဖြစ်ပါတယ်။
