မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီနဲ့ ကိုက်ညီအောင် ပြင်ဆင်နိုင်ဖို့ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဆန္ဒ သဘောထားပေါ်မှာ အဓိကမူတည်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့Opera House မှာ ကျင်းပတဲ့ တက္ကသိုလ် ၃ ခုပေါင်း ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဒေါ်အောင်ဆန်ုးစုကြည် က ပြောကြားခဲ့တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ ထောက်ခံချက် ၇၅ ရာခိုင်နှုန်း အထက်ရှိရမှာဖြစ်တဲ့အတွက် အနည်းဆုံး ရဲရင့်တဲ့တပ်မတော်သားတစ်ဦးက ပါဝင်ထောက်ခံဖို့လိုကြောင်း၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ် စေလွှတ်တာဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ကသာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလက်ခံရင် အဲဒီတပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ထောက်ခံ မှာဖြစ်ကြောင်း ပြောသွားပါတယ်။
ဒါ့အပြင် NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ်အနှ့ံ့ လူထုသဘောထားဆန္ဒတွေကို ကောက်ယူနေကြောင်းနဲ့ ပြည်သူ ၈၀ ရာခိုင်နှုန်းကျော်က ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆန္ဒရှိကြတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီအခမ်းအနားမှာ ဆစ်ဒနီတက္ကသိုလ် နှစ်ခုကချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပါတယ်။
Sydney Opera House မှာ ပြောကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။