အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၂၆ ရက်နေ့ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဟောပြောဖို့ ခွင့်ပြုမိန့်တောင်းခံရာမှာ အဲဒီကွင်းဟာ စစ်တပ်ပိုင်ကွင်းဖြစ်တာကြောင့် ခွင့်မပြုနိုင်ကြောင်း ရှမ်းပြည်နယ်အစိုးရက အကြောင်းပြန်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်ကြီးမြို့ဟောပြောပွဲ ကို ဖြစ်အောင်ကြိုးစားသွားမယ်လို့ NLD တောင်ကြီး ခရိုင် ဥက္ကဌ ဦးတင်မောင်တိုးက RFA ကို အခုလို ပြောပါတယ်။
“ခရီးစဉ်က အခုလေယာဉ်ဆိုက်တာနဲ့ အန်တီစုကို ထမင်းထုပ်ပေးပြီး ကားပေါ်မှာပဲ ထမင်းစားပြီး တောင်ကြီးမြို့ကို ဖြတ်သွားပြီးတော့ နမ့်စန်ကို တိုက်ရိုက်သွားမှာ၊ တောင်ကြီးကို ခဏရပ်ပြီး နှုတ်ဆက်ရုံပဲပေါ့နော်၊ ၂၆ ရက်နေ့ လုပ်မယ့်အစီအစဉ်က ဒီနေ့မနက်တော့ ပြည်နယ်ရဲတပ်ဖွဲ့နဲ့ တွေ့တဲ့အချိန်မှာတော့ ဒီမီးပုံးပျံကွင်းကို လုံးဝမပေးနိုင်ဘူးဆိုတာပဲ သူတို့ပြောတယ်လေ၊ တခြားတစ်နေရာ ထပ်ရှာပါလို့ပြောတယ်၊ ကျနော်တို့ကတော့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ စာထပ်တင်ထားပြီးတော့ ထပ်တောင်းထားတယ်၊ ကွင်းမရဘူးဆိုရင်တော့ စဉ်းစားထားတာတော့ရှိပါတယ်၊ လုံးဝမရဘူးဆိုမှ တခြားနေရာပေ့ါ”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ညနေ ၄ နာရီခွဲလောက်က ဟဲဟိုးလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပြီး နမ့်စန်မြို့ကို ညတွင်းချင်းခရီးဆက်မှာပါ။
မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်နေ့မှာ နမ့်စန်၊ မိုးနဲနဲ့ လင်းခေးမြို့တွေမှာ ဟောပြောမှာဖြစ်ပြီး ဇန်နဝါရီလ၂၆ရက်မှာ တောင်ကြီးမြို့မှာ ဟောပြောပွဲကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
ဒီနေ့ ညနေက ဟဲဟိုးလေဆိပ်မှာ ရှမ်းပြည်နယ် တောင်ကြီးတဝိုက်က ပအိုဝ်း၊ ရှမ်း စတဲ့ဒေသခံ တစ်ရာကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ကြပါတယ်။
တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း အသုံးပြုခွင့်မရရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကြီးခရိုင ်ဥက္ကဌ ဦးတင်မောင်တိုးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။