ရှေ့နေများကောင်စီဆိုတာ လွတ်လပ်မှု ရှိဖို့လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော

ဘားကောင်စီ ခေါ် ရှေ့နေများကောင်စီဆိုတာ လွတ်လပ်မှုရှိရမှာဖြစ်သလို အစိုးရက ဝင်ရောက် နေရာယူထားတာတွေ မရှိသင့်တော့ကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာ နိုင်ငံတကာ ရှေ့နေများကောင်စီနဲ့ ပူးတွဲကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ရှေ့နေ များကောင်စီက ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ က ရှေ့နေတွေ ပါဝင်တဲ့ နိုင်ငံတကာကျင့်ထုံးများ နဲ့ ဒေသတွင်းဆိုင်ရာ ကိုင်တွယ်ဖြေရှင်းမှုများ ခေါင်းစဉ် နဲ့ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံသား ရှေ့နေ တစ်ဦးက မေးမြန်းလို့ ပြောကြားလိုက်တာပါ။

"Bar Council က လွတ်လပ်ရမယ်၊ အခုဆိုလို့ ရှိရင် ကျမတို့အနေနဲ့ ဥပဒေစိုးမိုးရေးအတွက် စင်တာတွေဖွင့်ဖို့ ကြိုးစားနေပါတယ်၊ အဲဒီစင်တာတွေမှာဆိုလို့ရှိရင် အစိုးရကနေ အုပ်ထိန်းဖို့ လုံးဝမလိုလားဘူးဆိုတာ ကျမတို့ပြောထား ပါတယ်၊ အဲဒီတော့ Bar Council တွေမှာလည်း အစိုးရအုပ်ချုပ်ရေးပိုင်းကနေပြီးတော့ နေရာယူ ထားတယ်ဆိုတာ လုံးဝမသင့်တော်ဘူးလို့ ကျမကတော့မြင်တယ်၊ ဒါကြောင့်မို့ ကျမတို့ လုံးဝလည်း အားမပေးပါဘူး၊ ကျမတို့ရဲ့ ဥပဒေပညာရှင်များ၊ ရှေ့နေကြီးများအနေနဲ့လည်း ဒီဟာတွေကို တွန်းလှန်ကြပါလို့ ကျမတိုက်တွန်းပါတယ်"

မနေ့က စတင်ကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီနဲ့ နိုင်ငံတကာ ရှေ့နေများကောင်စီတို့ ပူးတွဲကျင်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံနေရာအနှံ့က တရားရုံးတွေမှာ လေ့လာကွင်းဆင်းမှု အရ ပြသနာတွေဟာ အတူတူပဲဖြစ်ကြောင်း ဒါကြောင့် ထပ်ပြီး ကွင်းဆင်းလေ့လာတာတွေ မလုပ်တော့တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို လာမယ့် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့အထိ နေပြည်တော် ကုမုဒြာဟိုတယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။