အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့နေ့လည်ပိုင်းက အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။
NLD အစိုးရသစ်လက်ထက် နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ ပထမဆုံး တရားဝင်ချစ်ကြည်ရေး သွားရောက်တဲ့ ဒီခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ ဂိုအာမြို့မှာ ကျင်းပမယ့် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။
ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အပါအဝင် သီရိလင်္ကာ၊ ဘူတန်နဲ့ နီပေါ နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။
BIMSTEC ခေါ် ဘင်္ဂလားပင်လယ်ကွေ့ဒေသ ကဏ္ဍစုံနည်းပညာနဲ့ စီးပွားရေးပူပေါင်းဆောင်ရွက်ရေး နိုင်ငံ (၇) နိုင်ငံမှာ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ သိရိလင်္ကာ၊ ထိုင်း၊ နီပေါနဲ့ ဘူတန်နိုင်ငံတွေ ပါဝင်ကြပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ BRICS ခေါ် တရုတ်၊ ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တောင်အာဖရိက တို့ ပါဝင်တဲ့ အဖွဲ့နဲ့ BIMSTEC နိုင်ငံများရဲ့ ဆွေးနွေးပွဲကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။
ဘင်းစတက် ဆွေးနွေးပွဲတွေအပြီးမှာတော့ နိုင်ငံတော်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် အိန္ဒိယသမ္မတ ပရာနတ် မူကာဂျီ၊ နိုင်ငံခြားရေးဝန်ကြီး ဆွာရတ် တို့နဲ့ တွေ့ဆုံမယ့်အပြင်၊ အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယခရီးစဉ်ဟာ အောက်တိုဘာလ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဖြစ်ပါတယ်။
