နုနယ်လှသေးတဲ့ ဒီမိုကရေစီ တည်ဆောက်စ မြန်မာနိုင်ငံမှာ ကာလကြာရှည် အမြစ်တွယ်နေခဲ့တဲ့ ဘာသာလူမျိုး ပဋိပက္ခတွေကို တစ်နေ့တစ်ရက်တည်းနဲ့ ပြီးပြတ်ပြေငြိမ်းအောင် မဖြေရှင်းနိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ ဂိုအာမှာ ကျင်းပနေတဲ့ ဘင်းစတက် ခေါ် ဘင်္ဂလား ပင်လယ်ကွေ့ဒေသနိုင်ငံ (၇) နိုင်ငံထိပ် သီးဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ်က ပြဿနာတွေဟာ မယုံကြည်မှု၊ နားမလည်မှုတွေ မြင့်မားလာနေတာရဲ့ ရလဒ်ဖြစ်ကြောင်း၊ မြန် မာလိုဒီမိုကရေစီစနစ် အစပျိုးစ နိုင်ငံမျိုးမှာ တရားဥပဒေစိုးမိုးမှု မပျက်ပြားအောင် ထိန်းသိမ်းရင်း ဒီပြဿနာ ကို ဖြေရှင်းဖို့ ကြိုးစားနေရတာဖြစ်ကြောင်း၊ ဒီအခြေအနေတွေအပေါ် စိတ်ခံစားချက်ကို ဦးစားမပေးဘဲ၊ ဓမ္မဓိဌာန် ကျကျ ကြည့်မြင်နိုင်ရေးဟာ အခရာကျကြောင်း၊ အစွန်းရောက်မှုရဲ့အကြောင်းခံတွေ၊ အကြမ်းဖက်ဝါဒရဲ့ဇစ်မြစ်တွေ ကို ဝိုင်းဝန်းတူးဖေါ်ရှာဖွေကြစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ကမ္ဘာတဝှမ်းက ကျမတို့ရဲ့ မိတ်ဆွေ တွေ၊ အိမ်နီးချင်းတွေ အနေနဲ့ မြန်မာ့အခြေအနေ အရှုတ်အထွေးတွေကို သိမြင်နားလည်ကြစေလိုပါတယ်။
ဒီပြဿနာဟာ မြန်မာနိုင်ငံအတွက်သာမက၊ ဒေသတခွင်လုံးရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကိုပါ စိန်ခေါ်နေတာ ဖြစ် ပါတယ်၊ မြန်မာမှာ ဒီမိုကရေစီ မရင့်ကျက်သေးတဲ့အတွက် ပြဿနာတွေကို တဆင့်ချင်း ဖြေရှင်းသွားရမှာ ဖြစ်ပါ တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
