နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦး စကားဝိုင်း

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်ခဲ့ပြီး စီးပွားရေး ဘက်မှာ အမျိုးသမီးတွေ အစကတည်းက ပါဝင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် Kempinski Hotel မှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက် သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ် ပါတယ်။

တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူအခွင့်အရေး ရဖို့ ဘယ်လိုဥပဒေတွေ ပြဌာန်းထားပါစေ လူ့အသိုင်းအဝိုင်းမှာ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးတောင်းဆိုနေတာနဲ့အမျှ တာဝန်ယူမှုရှိတတ်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ငြိမ်းချမ်းရေးမရှိရင် စီးပွားရေးရေရှည်ဖံ့ွဖြိုးတိုးတက်ဖို့ မဖြစ်နိုင်တဲ့အတွက် ငြိမ်းချမ်းရေးကို ဗဟိုပြုပြီး ဆွေးနွေးကြဖို့ လုပ်ငန်းရှင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

စီးပွားရေးကဏ္ဍဖ့ွံဖြိုးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေကို အစိုးရဖက်က တတ်နိုင်သရွှေ့ ပံ့ပိုးမှာဖြစ်ကြောင်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဘက် က နိုင်ငံတည်ငြိမ်ရေး၊ တိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပြန်လည်ဆောင် ရွက်ပေးဖို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်ဆောင်ကြဖို့ ပြောခဲ့ပြီး အစိုးရက ရရှိတဲ့ အခွန်တွေကို ပညာရေး နဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ အသုံးပြု ရတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦးရဲ့ စကားဝိုင်းမှာ လုပ်ငန်းရှင်တွေက စီးပွားရေးကဏ္ဍဖံ့ွဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးဖို့၊ လုပ်ငန်းခွင်ဝင်နေတဲ့ မိခင်အမျိုးသမီးတွေအတွက် စိတ်ချလက်ချနဲ့ အလုပ်လုပ် ကိုင်နိုင်အောင် နေ့ကလေး ထိန်းကျောင်းတွေ ပုဂ္ဂလိက နဲ့ အစိုးရ ပူးပေါင်းဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးဖို့၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖံ့ွဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးဖို့၊ ကျေးလက်အမျိုးသမီးတွေလုပ်ငန်းခွင် ဝင်နိုင်ရေး အထောက်အပံ့ပေးနိုင်ဖို့၊ စစ်ဘေးဒုက္ခသည်စခန်းတွေက အမျိုးသမီးတွေနဲ့ အကျဉ်းကျနေတဲ့ အမျိုးသမီးတွေအရေး ဆောင်ရွက်ပေးဖို့ တို့ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ် ၁၈ ဦး စကားဝိုင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါတတိယ အကြိမ်မြောက် ကျင်းပတဲ့ စကားဝိုင်းဖြစ်ပါတယ်။