ဒေါ်အောင်ဆန်းစုကြည် ယခုလ ကျန်ရှိခရီးစဉ်များ ဖျက်သိမ်း

ခြေထောက်ခွဲစိတ်မှုခံယူထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခွဲစိတ်မှုအောင်မြင်ပေမယ့် ကြာရှည် မတ်တပ်ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ မသင့်တော်သေးတာကြောင့် အခုလကုန်အထိ ခရီးစဉ်တွေအားလုံး ဖျက်သိမ်းလိုက် တယ်လို့ NLD ကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက မိသားစုဆရာဝန်အနေနဲ့ ကြေငြာ လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခြေမအတွင်းဘက် ယိုင်နေတဲ့အဖြစ်ကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ရက်နေ့က ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံမှာ အသေးစားခွဲစိတ်မှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

သူဟာ အဲဒီကျန်းမာရေးအခြေအနေကြောင့် အခုလ ၂၉ ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှာ ကျင်းပပြုလုပ်မယ့် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကို တက်ရောက်ဖို့စီစဉ်ထားပေမယ့် တက်ရောက်နိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါက်တာတင်မျိုးဝင်းက မနေ့ညနေပိုင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေတုန်းကလည်း ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကော့မှူးမြို့နဲ့ သာယာဝတီမြို့နယ်တွေကို သွားရောက်ဟောပြောခဲ့ ပါတယ်။