သမ္မတဖြစ်ခွင့် ပြင်ဆင်ရေးဟာ အားလုံးအတွက်လို့ ဒေါ်အောင် ဆန်းစုကြည် ပြောကြား

0:00 / 0:00

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မှာ ပြဋ္ဌာန်း ထားတဲ့ သမ္မတဖြစ်ပိုင်ခွင့် ကန့်သတ်ချက်တွေကို ပယ်ဖျက်လိုတာဟာ မိမိသမ္မတဖြစ်ရေး၊ မဖြစ်ရေး ထက် ပြည်သူအားလုံး တန်းတူအခွင့်အရေး ရရှိဖို့ပြောဆိုနေတာဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ရေးမလား လူထုတွေဆုံပွဲမှာ ပြောဆို ခဲ့တာပါ။ ပရိတ်သတ်တစ်ဦးက ပုဒ်မ ၅၉ (စ)ကို ပြင်မပေးဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်မှာကို စိုးရိမ်တယ်လို့ မေးတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။

“ကျမ သမ္မတဖြစ်ရေး မဖြစ်ရေးဟာ အဓိကမဟုတ်ပါဘူး၊ ပြည်သူလူထု အားလုံးကနေပြီးတော့မှ တန်းတူရည်တူ သမ္မတဖြစ်နိုင်မယ့် အခွင့်အရေးရရှိရေးဟာ အဓိကဖြစ်ပါတယ်၊ ကျမလည်း ပြည်သူလူထုထဲက တစ်ယောက်အနေနဲ့ တန်းတူရည်တူ သမ္မတဖြစ်ဖို့ အခွင့်အရေး ရရှိသင့်ပါတယ်”

ဒါ့အပြင် လူငယ်တွေလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး သိရှိအောင် လေ့လာကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့စဉ်ကတည်းက ပါတီရဲ့ရည်မှန်းချက်အဖြစ် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ဦးတည်ချက် ၃ ရပ်ကို ကိုင်စွဲပြီး ရပ်တည်နေတာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုမျိုးဇော်ကို ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။