ဖွဲ့စည်းပုံပြင်ဆင်ဖို့ အများစုဆန္ဒ ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

0:00 / 0:00

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံ စထရပ်ဗူးလ်မြို့မှာ ဥရောပပါလီမန်ကချီးမြှင့်တဲ့ ဆာခရော့ဗ်ဆုကို လက်ခံရယူပြီးနောက် အင်္ဂါနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံသားတွေကို နာရီဝက်ခန့် တွေ့ဆုံပါတယ်။

ဥရောပပါလီမန် ဥက္ကဌနဲ့ နေ့လည်စာစားအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်၊ ဂျာမဏီနဲ့ ဒိန်းမတ် နိုင်ငံတွေကနေ ဆုပေးပွဲကို သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို လက်ခံတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်ကြဖု့ိ အရေးကြီးကြောင်း သူတို့ကိုပြောခဲ့တယ်လို့ ပဲရစ်မြို့ကနေ ဆုပေးပွဲကိုသွားခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ကိုထွေးက အာဖက်အေကို ပြောပါတယ်။

ဂျာမဏီနိုင်ငံကသွားရောက်ခဲ့တဲ့ ဒေါ်ခင်မာဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူအများစုအနေနဲ့ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲဖို့ထက် ပြင်ဆင်ဖို့ကိုသာဆန္ဒရှိတယ်လို့ မိမိတို့ကိုပြောကြောင်း အာဖက်အေကို ပြန်လည်ပြောဆိုခဲ့ပါတယ်။

"အသစ်ပြန်မဆွဲဘူး၊ ပြင်သင့်တာကို ပြင်မယ်၊ ဒါသူတစ်ယောက်တည်း ဆုံးဖြတ်တာမဟုတ်ဘူး၊ ပြည်သူနဲ့တပ်မတော် အတူတူပူးပေါင်းလုပ်ကိုင်ကြဖို့ ပြောပါတယ်"

ဒိန်းမတ်နိုင်ငံကသွားရောက်ခဲ့တဲ့ ဦးမြင့်ဝေကလည်း မူလက သူတ့ိုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ မိနစ်ခန့်ပဲ တွေ့ခွင့်ရမယ်လို့ ဥရောပပါလီမန် အရာရှိတွေက ပြောဆိုထားခဲ့ပေမယ့် တကယ်တွေ့ဆုံရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ကို နာရီဝက်နီးပါး အချိန်ပေးပြောဆိုခဲ့တဲ့အတွက် အားရဝမ်းသာဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံခဲ့တဲ့ ဂျာမဏီနိုင်ငံက ဒေါ်ခင်မာဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။

ဒိန်းမတ်နိုင်ငံက သွားရောက်ခဲ့တဲ့ ဦးမြင့်ဝေနဲ့ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။