အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တပ်မတော်ပါဝင် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အတွက် တပ်မတော်သားတွေကပါ ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြော ကြားလိုက်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မှာ ဒီနေ့မနက်ပိုင်း က ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး လူထုဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို တိုက်တွန်းပြောခဲ့တာဖြစ်ပါတယ်။

"တပ်မတော်ကို ဖေဖေတည်ထောင်ခဲ့စဉ်အခါ တုန်းက ပြည်သူလူထုကနေပြီးတော့ ချစ် ခင်လေးစားကြည် ညိုနိုင်တဲ့ တပ်မတော်ဖြစ်ရေး ဆိုပြီးတော့ ထူထောင် ခဲ့တာပါ၊ ဘယ်ပါတီ ဘယ် အုပ်စုအတွက်မှ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး ဆိုတာ သေသေ ချာချာပြောခဲ့ပါတယ်၊ ပြီးတော့ တပ်မတော်သား များအားလုံးလည်း တက်တက် ကြွကြွနဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တာဝန်အရပါဝင်ကြပါလို့ ကျမပြောချင်ပါတယ်၊ ပုဂ္ဂိုလ်အားလုံးဟာ စမွေးကတည်း က တပ်မတော်က မဟုတ်ပါဘူး၊ နိုင်ငံသူ နိုင်ငံသားအနေနဲ့ မွေးလာ တာပါ၊ တပ်မတော်ထဲကိုရောက်သွားလို့ တပ်မတော်သားတွေ ဖြစ်သွားတာပါ၊ ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသား တာဝန်ဟာ နံပါတ်တစ် ဖြစ်ပါတယ်ဆိုတာ ကျနော်အနေနဲ့ တပ်မတော်သားတွေကိုလည်း သတိပေးချင်ပါတယ်"

ဒါ့အပြင် နိုင်ငံသားတွေအနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ လူတိုင်းပါဝင်ကြဖို့ကိုလည်း တိုက် တွန်းပြောကြားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီစနစ်အောက်မှာ နိုင်ငံ သားတိုင်း လုံခြုံစိတ်ချစွာနေနိုင်မှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာကြောင့် ပြင်ဆင်သင့်သလဲဆိုတဲ့အချက်တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုစုထားကြောင်းနဲ့ အများပြည်သူတွေ သိရှိအောင်လည်း တင်ပြသွားမှာဖြစ်ကြောင်း ပြောပါတယ်။ တခြားနိုင်ငံရေးပါတီတွေအနေနဲ့လည်း မပြင်ချင်ဘူးဆိုရင် ဘာကြောင့် မပြင်ချင်သလဲဆိုတဲ့အချက်တွေကို အများပြည်သူသိရှိအောင်တင်ပြကြဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ဒီနေ့ မအူပင်မြို့နယ်မှာပြုလုပ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ လူထုဟောပြောပွဲကို မအူပင်၊ ကျုံပျော် ၊ ကျိုက်လတ်စတဲ့မြို့နယ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ ပြည်သူတွေ စုစုပေါင်း တစ်သောင်းနီး ပါးလောက် တက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အားလုံးက သဘော ထားပေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မအူပင်မြို့မှာ ပြောကြားတဲ့မိန့်ခွန်းကို RFA သတင်းထောက် မရတနာဦး ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။