အကောက်ခွန် ပေးဆောင်ချင်စိတ် ရှိအောင် ရှင်းပြဖို့ လိုအပ်


2013.04.09
dassk-health-network-305.jpg Park Royal ဟိုတယ်မှာ ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ပါတီရဲ့ အမျိုးသားကျန်းမာရေးကွန်ရက် ဖွင့်ပွဲအခမ်း အနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ကို တွေ့ရစဉ်
photo: NLD Facebook

အစိုးရအနေနဲ့ ပြည်သူတွေကို အကောက်ခွန် ပေးဆောင်ချင်စိတ်ရှိလာစေဖို့ ရှင်းရှင်းလင်းလင်း နားလည်အောင် ရှင်းပြဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းမှာရှိတဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ကျင်းပတဲ့အစည်းအဝေး ကို ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလိုပြောခဲ့တာပါ။

“ကျမတို့ အကောက်အခွန် ယဉ်ကျေးမှုတစ်ခု ကျမတို့နိုင်ငံမှာ ထူထောင်မယ်ဆိုလို့ရှိရင် ပြည်သူလူထုကို အကောက်အခွန်များ ကောက်ခြင်းဟာ ပြည်သူများအကျိုးအတွက် ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ရမယ်၊ သိနိုင်ရမယ်၊ ဒီလိုရှင်းရှင်းလင်းလင်းသိနိုင်ဖို့၊ နားလည်ဖို့ ရှင်းပြဖို့ဟာလည်း အုပ်ချုပ်တဲ့သူများ အခွန်ကောက်တဲ့သူများရဲ့ တာဝန်ဖြစ်ပါတယ်၊ အခွန်နဲ့ပတ်သက်လို့ တရားဥပဒေအရ ပြည်သူလူထုကနေ လုပ်ဖို့ဆိုလို့ရှိရင် ပြဌာန်းလိုက်တဲ့ဥပဒေများဟာ  အများပြည်သူအတွက် လက်ခံနိုင်စရာ သင့်တော်တဲ့ အခွန်အကောက်တွေ၊ ဥပဒေတွေဖြစ်ရပါမယ်”

စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့တွေကလည်း သူတို့ကြုံတွေ့နေရတဲ့ အခွန်စနစ်တွေနဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အကောက်ခွန်ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံပွဲကို လွှတ်တော်ကဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ UMFCCI ကတာဝန်ရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့ ၃၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့အခမ်းအနားမှာ အကောက်ခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။