ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ပြည်သူ အားလုံးနဲ့ ဆိုင်သလို ဘယ်အပိုင်းကို ပြင်ဆင်သင့်တယ် မပြင်သင့်ဘူးဆိုရင်လည်း ဘာကြောင့် ဆိုတဲ့အချက်ကို NLD ပါတီဝင် ကိုယ်စားလှယ်တွေသာမက အခြားကိုယ်စားလှယ်တွေကပါ ပြည်သူတွေကို အသိပေးဖို့ တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောလိုက်ပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်ကို လာရောက်လေ့လာတဲ့ ထားဝယ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၅၀ ကျော်နဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောသွားတာပါ။
"မြို့နယ်တိုင်း မြို့နယ်တိုင်းကနေပြီးတော့ ကိုယ့်ရဲ့ကိုယ်စားလှယ်တွေကို ဘယ်ဘက်က ရပ်တည်မလဲဆိုတာ မေးပိုင်ခွင့်ရှိ တယ်။ ပြည်သူတွေအနေနဲ့ မေးပိုင်ခွင့်ရှိတယ်။ ဒါကို ကိုယ်စားလှယ်ကလည်းဖြေရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အားလုံးနဲ့ဆိုင်တယ်။ ဒါဟာအင်မတန် အရေးကြီးတယ်။ ဒီကိုယ်စားလှယ် တစ်ယောက်က ဘာကိုပြင်ချင်တယ်။ ဘာကိုမပြင်ချင်ဘူးဖြစ်ဖြစ် ဘာ့ကြောင့်ဆိုတာကို ပြည်သူတွေကို ရှင်းပြနိုင်ရမယ်။ အဲဒီဟာ သူတို့ရဲ့တာဝန်ပဲ။ ပြည်သူတွေမှာလည်း အခွင့်အရေးရှိတယ်"
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ညီလာခံကျင်းပဖို့ စီစဉ်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်ရွေးချယ်ဖို့မဟုတ်ဘဲ အရည်ချင်းရှိတဲ့လူငယ်တွေကို တာဝန်ယူတတ်လာအောင် ပြုစုပျိုးထောင်ပေး တာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေကို အသိပေးပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၁၈ ရက်နဲ့ ၁၉ ရက်က ကရင်ပြည်နယ်ခရီးစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဟောပြောခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီလကုန်လောက်မှာ သွားရောက်ဟောပြောမယ်လို့ သိရပါတယ်။